နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကိုဆက်လက် ကျင်းပသည်။

 

အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပါမောက္ခဒေါက်တာဦးမိတ်၊ ဥက္ကဋ္ဌ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ ဦးသိန်းဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ( ဗဟို )တို့က ဆောင်ရွက်ကြသည်။  

 

ဉီးစွာ သဘာပတိက မြန်မာ့တိုင်းရင်းဆေးပညာအဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီလာခံသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းရင်းဆေးဆရာများနှင့် နှီးနွယ်ပညာရှင်များ အနေဖြင့် မိမိတို့၏ပညာရပ်များကို မျိုးဆက်သစ်များအတွက် အထောက်အကူကောင်းတွေရရှိအောင် လက်တွဲညီညီ ပူးပေါင်းပါဝင်ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။  

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးကြည်ဝင်းက အဆိုပြုချက် အမှတ်(၁)ဖြစ်သည့် “ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဦးဆောင်၍ တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေး အသိအမှတ်ပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်”  အဆိုကို တင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ပွင့်ဖြူဖြူသော် က ထောက်ခံဆွေးနွေးသည်။

     

အဆိုပြုချက် အမှတ်(၂)ဖြစ်သည့် “တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဆွေးနွေးပွဲများ၊ မွမ်းမံသင်တန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်” အဆိုကို ကရင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ဆုပိုမေက တင်သွင်းပြီး ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်နန်းယမင်းသူ က ထောက်ခံဆွေးနွေးကြကာ ညီလာခံ နံနက်ပိုင်း အစီအစဉ်ကို ရပ်နားသည်။

 

မွန်းလွဲပိုင်းတွင် အစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ်ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဦးမြင့်ဦး၊ ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာအကြံပေးအဖွဲ့ဝင်များဖြစ်သော ဦးလှမြင့်နှင့် ပါမောက္ခ အောင်ကျော်မင်းတို့က ဆောင်ရွက်ပြီး  အဆိုပြုချက် အမှတ်(၃) ဖြစ်သည့် “တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်” အဆိုကို ရန်ကုန်တိုင်းဒေသကြီးမှ  ညီလာခံကိုယ်စားလှယ် ဒေါ်ခင်နေခြည် ကတင်သွင်းပြီး တိုင်းရင်းဆေး တက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်မို့မို့အောင်က ထောက်ခံဆွေးနွေး သည်။

 

အဆိုပြုချက်အမှတ်(၄)ဖြစ်သည့် “ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေး ပညာဖြင့် စောင့်ရှောက်မှုပေးရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်ကို ကျောင်းသား လူငယ်အရွယ်မှစ၍  လေးစားတန်ဖိုးထားတတ်စေရေး  အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်ရန်” အဆိုကို မ‌ကွေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးငြိမ်းချမ်းစိုးက တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ထောက်ခံဆွေးနွေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ညီလာခံ အဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များအား မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင်တင်သွင်းသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ အစည်း အဝေး၏ ဆန္ဒသဘောထားရယူပြီး အဆိုများအား အတည်ပြုမှတ်တမ်းတင်သည်။

   

ယမန်နေ့ကလည်း  (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာနှီး နှောဖလှယ်ပွဲကိုကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းတို့တက်ရောက် အားပေးကြသည်။

 

နံနက်ပိုင်းနှီးနှောဖလှယ်ပွဲတွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာ စန်းစန်းနွဲ့က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဦးစိုးဝင်းတို့က ဆောင်ရွက်သည်။

 

ဆက်လက်၍ တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာစာတမ်း(၁၃)စောင်ကို ဖတ်ကြားပြီး နှီးနှောဖ လှယ်ပွဲ တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေး အကြံပြုကြကာ  ပညာရပ်များ နှီးနှောဖလှယ်ကြသည်။

 

စာတမ်းများအပေါ် သဘာပတိက ဆွေးနွေးသုံးသပ်ရာတွင် ယခုနှီးနှောဖလှယ်ပွဲသည် တိုင်းရင်းသား လူမျိုးအသီးသီး၏ ရိုးရာကုထုံးများကို ဖော်ထုတ်သောပွဲဖြစ်သည့်အတွက် လွန်စွာအရေးကြီးကြောင်း၊ ကုထုံးများနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားရန်နှင့် တိမ်မြှုပ်‌ပျောက်ကွယ် မသွားစေရန် နောင်လာ နောက်သားများထံသို့ လက်ဆင့်ကမ်းအမွေပေး ရမည်ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးမှာကြားသည်။

(သတင်းစဉ်)