(၂၃)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အစည်းအဝေးကျင်းပ

နေပြည်တော် ၇ ဇူလိုင်

(၂၃)ကြိမ်မြောက် ပြည်ထောင်စုငြိ်မ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ ဦးစိုင်းငင်း၊ စောမြရာဇာလင်း၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စိုင်းကျော်ညွှန့်နှင့် မင်းကျော်ဇေယျာဦးတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် မူဝါစာတမ်းများဆွေးနွေးခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆွေးနွေးခြင်း၊ ညီလာခံသဘာပတိကိစ္စ၊ ညီလာခံအတွင်း ကဏ္ဍအလိုက် အစည်းအဝေးနှင့် အစုအဖွဲ့အလိုက် အစည်းအဝေး အခင်းအကျင်းကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် ချမှတ်ရေးကိစ္စ၊ (၁၆)ကြိမ်မြောက် UPDJC Agenda ကိစ္စ၊ UPDJC Agenda အလိုက် တင်ပြမည့် ပုဂ္ဂိုလ်သတ်မှတ်ရေးကိစ္စတို့ကို ဆွေးနွေးကြသည်။

ယနေ့ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ညီလာခံမှာ နိုင်ငံရေးအရလည်း တစ်ချက်သဘောတူပါတယ်။ ကျန်တဲ့ ၆ ချက်ကို Option အနေနဲ့ တက်လာတယ်။ အတွင်းရေးမှူးမှာတော့ ဖြတ်လို့မရဘူး။ အဓိက အရေးကြီးတာကတော့ UPDJC အစည်းအဝေးကတော့ အဆုံးအဖြတ်ဖြစ်လာမှာပါ။ နောက် စီးပွားရေးမှာလည်း အလားတူပဲ Option တွေများတယ်။ တစ်ချက်ပဲ သဘောတူနိုင်တယ်။ ကျန်တာတွေက Option အနေနဲ့ တက်လာတော့ UPDJC မှာပဲ ဖြတ်ရမယ်။ နောက် မြေယာမှာလည်း အနည်းငယ်တော့ရတယ်။ သို့သော် နောက်ထပ် ထပ်ပြီးတော့ Option တွေ ထပ်ဖြစ်လာတယ်။ နောက်ဆုံး လူမှုရေးမှာလည်း အလားတူပဲ ထပ်ပြီးတော့ ဆွေးနွေးရမယ့်ဟာတွေ ဖြစ်လာတော့ UPDJC မှာပဲ ဖြတ်ရတော့မှာပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးညီလာခံအတွက် အဓိကအဆုံးအဖြတ်ကြတာက အခု တနင်္လာနေ့မှာ ကျင်းပမယ့် UPDJC ရယ်၊ နောက် ညီလာခံကာလ ၅ ရက်မြောက်နေ့မှာ ကျင်းပမယ့် UPDJC ပေါ့ အဲဒီအပေါ်မှာ အဓိကမူတည်သွားမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရသလောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ ကို ချုပ်ဆိုဖို့ အဲဒါဆက်သွားမှာပါ” ပြောကြားသည်။

အလားတူ စိုင်းကျော်ညွန့်က “မူဝါဒအဆိုပြုချက် နိုင်ငံရေးမှာဆို ၇ ချက်ရှိပါတယ်။ စီးပွားရေးမှာဆိုရင် ၁၁ ချက်၊ လူမှုရေးမှာဆိုရင် ၉ ချက်၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာမှာဆိုရင် ၅ ချက်၊ လုံခြုံရေးကတော့ ဆွေးနွေးချက်ပဲရှိပြီးတော့ မူဝါဒအဆင့်အထိ အဆိုပြုချက်မရှိပါဘူး။ ဒီအဆိုပြုချက်တွေ ထဲမှာကလည်း တချို့တချို့ အချက်တွေဆိုရင်တော့ အစုအဖွဲ့အားလုံးက သဘောတူထားတဲ့ အချက်အလက်တွေလည်း ပါပါတယ်။ တချို့တချို့ အစုအဖွဲ့တွေကတော့ အစုအဖွဲ့အားလုံး သဘောမတူထားသေးဘူးဆိုတော့ Option အနေနဲ့ တပ်မတော်ကဘယ်လို၊ တိုင်းရင်းသားလက်နက်ကိုင်က ဘယ်လို၊ နိုင်ငံရေးပါတီကဘယ်လို အဆိုပြုတယ်ဆိုပြီးတော့ အဆိုပြုချက်အပြိုင်တွေ အဲဒီလိုပုံစံနဲ့ စုစည်းထားတာရှိပါတယ်။ ပြီးတော့ လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်အရလည်း လုပ်ငန်းကော်မတီက အပြီးသတ် ဆုံးချက်ချမှတ်ဖို့ မဟုတ်ပါဘူး။ ရှိတဲ့ သဘောတူထားတဲ့ဟာ ပါမယ်။ မတူသေးတဲ့ဟာကိုလည်း UPDJC ကိုတင် သွင်းပြီးတော့ ဆက်လက်အတည်ပြုချက် ရယူရမှာဖြစ်ပါတယ်။ အခု ၉ ရက်နေ့မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို လုံခြုံရေးကဏ္ဍကတော့ သူတို့ရဲ့ဆောင်ရွက်မှုတွေပဲ တင်ပြမယ့်ပုံစံဖြစ်ပြီးတော့ ကျန်တဲ့လုပ်ငန်းကဏ္ဍ ကော်မတီ ၄ ခုကတော့ သူတို့ရဲ့ အဆိုပြုလွှာနဲ့အတူ UPDJC ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

ထို့အတူ ဦးမင်းကျော်ဇေယျာဦးက “ပြည်နယ်တွေမှာ အကျိုးဖြစ်ထွန်းလာဖို့ စီးပွားရေးစီမံကိန်းတွေ ရေးဆွဲဖို့အတွက် အားလုံးသဘောတူညီပါတယ်။ အဲ့ဒီမှာမှ ကျွန်တော်တို့က Principle ဖြစ်မယ်။ ဒီ Principle ကို ကျွန်တော်တို့က UPDJC ကို ထပ်ပြီးတော့ တင်ပါမယ်။ UPDJC မှာ အတည်ပြုခဲ့တယ်ဆိုရင် အဲ့ဒီ Principle ရဲ့အောက်မှာမှ ကိုယ့်ပြည်နယ်မှာ ဘယ်လိုမူဝါဒတွေနဲ့ သွားချင်တယ်ဆိုတဲ့ Policy တွေ ဆက်ရေးမယ်ဆိုတဲ့ သဘောပါ။ ပြည်သူကို အကျိုးပြုမယ့် စီးပွားရေးစီမံကိန်းတွေ ရေးဆွဲဖို့၊ ရေးဆွဲခွင့် အဲဒီတစ်ချက်ကိုတော့ အားလုံးသဘောတူပါတယ်။

မျိုးမြင့်(သတင်းစဉ်)