(၂၄) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing) ဖြင့်ကျင်းပ

နေပြည်တော် ၃၀ ဧပြီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေးဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂၄)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၃၀ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Director A.R Subbiah မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ Video Conferencing အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြားဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ ပြည်တွင်း/ပြည်ပပညာရှင်များ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၂၂)ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၀ ခုနှစ်၊ မိုးရာသီကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ ယခင် မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှု အလားအလာ အခြေအနေအပေါ် အခြေခံသည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာတွင် နည်းပညာအသုံးချမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရန် မဟာဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာ၀ဘေးများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍ အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး ပိတ်ပွဲအခမ်းအနား တွင်မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

အဆိုပါ မုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Crd-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန