နေပြည်တော်  ၁၉   သြဂုတ်


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှု၊ Bright View Travels & Tours Co.,Ltd နှင့် Myanmar Motorsports Organization (MMSO) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲ ပန်းဝင်ကြိုဆိုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ (၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲတွင် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ နိုင်ငံသား (၄၁၉) ဦး၊ မော်တော်ယာဉ် (၁၂၀) စီး၊ မော်တော်ဆိုင်ကယ်(၃၇)စီးတို့ဖြင့် မြဝတီနယ်စပ်ဂိတ်မှ သြဂုတ် ၁၂ ရက်နေ့မှ စတင်ဝင်ရောက်လာပြီး သြဂုတ် ၁၆  ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းနှင့် အမြန်လမ်း မိုင်တိုင် ၁၉၈/၇ မိုင် Under press မှ မိုင်တိုင် ၁၈၁/၄ မိုင်၊ ၎င်းမှတဆင့် အမြန်လမ်းနှင့် ( မြို့လှဆက်သွယ်ထားသည့် ကျောက်ခင်းလမ်းအတိုင်း ထိုမှတစ်ဆင့်) ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း  ပြိုင်ပွဲကျင်းပကာ နေပြည်တော်၊ ရာဇဌာနီလမ်းမှတစ်ဆင့် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ပန်းဝင်၍ ပန်းဝင်ကြိုဆိုပွဲနှင့်ပိတ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးတင်ထွန်းနှင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးကြသည်။ 


ညပိုင်းတွင် ကားမောင်းပြိုင်ပွဲ၏ ဂုဏ်ပြုညစားစားပွဲနှင့် ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ MICC 2 ၌ ဆက်လက်ကျင်းပခဲ့ပြီး ကားမောင်းပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် နိုင်ငံ (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင်များသည် သြဂုတ် ၁၈  ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။ 


MDN