ရန်ကုန် မတ် ၁၁
ပညာရေးဝန်ကြီးဌာန (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က ပညာရှင်အဖွဲ့ဆု ရရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ အကောင်းဆုံးစာတမ်းဆုရရှိသူများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်နှင့် ဒေါက်တာဦးဝင်းတို့က ဘာသာရပ် နယ်ပယ်အလိုက် အကောင်းဆုံးသုတေသန စာတမ်းဆုရရှိကြသူများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အမှုဆောင်အဖွဲ့ဝင်များ၊ တွဲဖက်အတွင်းရေးမှူးများက ဘာသာရပ်နယ်ပယ် အလိုက် အကောင်းဆုံးသုတေသနစာတမ်းဆု ရရှိကြသူများကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်တို့က ပိုစတာဆု ရရှိကြသူများအာကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသားကျောင်းသူများက မြကျွန်းညိုညို တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်က တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို လက်ဆောင်များပေးအပ်ကာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)