ရန်ကုန် မတ် ၉

(၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများက “ပန်းတိုင်းပွင့်ပါစေ” သီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော် က ဦးတည်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ၍ အဖွင့်တေးသီချင်း သီဆိုကပြ‌ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ပညာရေး၀န်ကြီးဌာန (၂၄) ကြိမ်‌မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် သုတေသန စာတမ်းများကို မတ် ၉ ရက်မှ ၁၁ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဌာနများတွင် ဝိဇ္ဇာပညာရပ်စာတမ်း (၁၁၉) စောင်၊ သိပ္ပံပညာရပ်စာတမ်း (၁၅၅) စောင်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ခန်းမတွင် စာတမ်း (၂၈) စောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဆိုင်ရာ၊ ပညာရေးစိတ်ပညာဆိုင်ရာ စာတမ်း (၇၀) စုစုပေါင်း စာတမ်း (၃၇၂) စောင်တို့ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်သည်။

 

အဆိုပါ (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသန စာတမ်းများမှ ဘာသာရပ်နယ်ပယ်အလိုက် အကောင်းဆုံး သုတေသနစာတမ်းဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်