ရန်ကုန် ၁၄ စက်တင်ဘာ
Film House ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားသည့် "(၂၄)နာရီ (၁)ချစ်" ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲကို စက်တင်ဘာ ၁၃ ရက် ည ၇ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် အောင်ရဲလင်းက "ဒီကားကတော့ အချစ်ဟာသကားလေးပါ။ အချစ်နဲ့ပတ်သက်တဲ့ ရသလေးတွေကို ပျော်ရွှင်ဖွယ်ရာတွေနဲ့အတူ တွေ့မြင်ရမှာပါ။ ရိုက်ကူးခဲ့တာကတော့ သုံးနှစ်ကျော် လေးနှစ်လောက် ကြာခဲ့ပါပြီ။ ကျွန်တော် ဒီကားထဲမှာ အဝတ်အစား ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး လုပ်ထားတာမျိုးမရှိပါဘူး။ သာမာန်ရပ်ကွက်ထဲက ကောင်းလေးတစ်ယောက်ပုံစံမျိုးပဲ ဝတ်ထားတာပါ။ အဲဒါကြောင့် ဒီဇာတ်ကားမှာ အများကြီး ထွေထွေထူးထူး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ကျွန်တော်ရိုက်တဲ့ဇာတ်ကားတိုင်းကို အားရပါတယ်" ဟုပြောသည်။
အဆိုပါဇာတ်ကားတွင် အောင်ရဲလင်း၊ ရာဇာနေဝင်း၊ ဒိန်းဒေါင်၊ မိုးဟေကို၊ အေးမြတ်သူ၊ ထွန်းထွန်းဝင်း၊ညီဂျော်၊ အောင်ခိုင်၊ ဝင်းနိုင်(အနုပညာ) ၊ ဦးဝင်းမြိုင်၊ ဘိုဘို ၊ ချမ်းမေမြတ်နိုး၊ ဝါဝါအောင်၊ မျိုးမျိုးခိုင်၊ အေးအေးခိုင် တို့နှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး လူမှုကွန်ရက်မှ အကြောင်းအရာများကြောင့် လူမှုဘ၀ ပတ်ဝန်းကျင်တွင် အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရပုံ တို့ကို အခြေခံကာ အချစ်နှင့် ဟာသ ရောနှောရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
သရုပ်ဆောင် အေးမြတ်သူက "ဒီဇာတ်ကားထဲမှာ ဇီဇာကြောင်ပြီးတော့ ရပ်ကွက်ထဲမှာ ကြိုက်မယ့်သူမရှိတဲ့ အပျိုကြီးပါ။ ဘယ်ကမှန်းမသိတဲ့ ချစ်သူတစ်ယောက်ကို အရမ်းချစ်ပြီး သည်းသည်းလှုပ်ဖြစ်နေတဲ့ အပျိုကြီးတစ်ယောက်ပါ။ အမှတ်တရအနေနဲ့ ပြောရရင် ၂၀၁၅ ခုနှစ်တုန်း က ပထမဦးဆုံးပြန်ခေါ်ရိုက်တဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီကားပြီးမှ ရုပ်ရှင်ကားကြီးတွေ ပိုပိုပြီး ရိုက်ဖြစ်ခဲ့တာပါ။ ၂၀၁၃ နှစ်ဝက်နဲ့ ၂၀၁၄ တစ်နှစ်လုံး ရုပ်ရှင်ကားကြီးတွေမရိုက်ရဘူး။ ဒီကားဟာ ပထမဦးဆုံး ပြန်ခေါ်ရိုက်တဲ့ကားပါ။ အဲဒီအတွက် ဒါရိုက်တာ ဦးဇော်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီလိုပြန်ခေါ်ရိုက်တဲ့အတွက်ကြောင့်လည်း ဒီလောက နဲ့နီးစပ်ပြီးတော့ ကားတွေပိုပိုပြီး ရိုက်ခဲ့ရပါတယ်။ နောက်အမှတ်တရ အနေနဲ့ကတော့ ကိုရာဇာကြီးနဲ့ဆုံတဲ့ အခန်းတွေမှာ ပျော်လည်းပျော်တယ်။ ကြောက်လည်းကြောက်တယ်။ ဒီဇာတ်ကားက အချစ်နဲ့ ဟာသ ကားလေးပါ။ ဟာသ ပလော့တွေကတော့ ဦးဇော်ရဲ့ လက်ရာအတိုင်း တကယ့်ကို ရယ်မောပျော်ရွှင်စေရမယ်လို့ အာမခံပါတယ်" ဟု ပြောသည်။
အဆိုပါ ဇာတ်ကားသည် အချစ်ဟာသကားလေးဖြစ်သည့် အတွက် ရိုက်ကူးသည့် အချိန်တွင် အခက်အခဲ မရှိခဲ့သည့်အပြင် သရုပ်ဆောင်များစွာ ပါဝင်ထားသည့် အတွက် ပျော်ရွှင်စရာကောင်းကြောင်း၊ ပရိသတ်များအနေဖြင့်လည်း ပျော်ရွှင်စရာ ရသများကို ခံစားရမှာဖြစ်ပြီး ကြည့်ရှုပြီးသည့် အခါတွင် ဝေဖန်အကြံပေးနိုင်ကြောင်း သရုပ်ဆောင် မိုးဟေကို က ဆိုသည်။
သရုပ်ဆောင် အောင်ခိုင်က "ဇာတ်ကားထဲမှာ ဒီလိုခန္ဓာကိုယ်မျိုးနဲ့ ရောဂါဝေဒနာ ကြီးကြီးမားမား ခံစားရတဲ့ ဇာတ်ရုပ်မျိုးပါ။ ကိုယ့်ရဲ့လုပ်ခွင့်အပေါ်မှာ တာဝန်ကျေအောင်သရုပ်ဆောင်ထားပါတယ်။ ၂၀၁၅ လောက်ကရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ အဲဒီတုန်းက ရိုက်ခဲ့တာဆိုပေမယ့် ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး) ဖြစ်တဲ့အတွက် ဦးတို့ မြန်မာ စကားပုံလိုပဲ အရိုးဆုံးက ဘယ်တော့မှ မရိုးဘူး၊ အဆန်းဆုံးဖြစ်တတ်ပါတယ်။ အဲ့ဒီတုန်းကတည်းက စကားလုံးတွေဟာ ဒီဘက်ခေတ် ရောက်တဲ့အထိ မရိုးသွားပါဘူး။ အိုက်တင်တွေကလည်း ဒီကနေ့ ခေတ်နဲ့အညီရှိနေတဲ့ သရုပ်ဆောင်တွေပဲဖြစ်တဲ့ အတွက် ရိုက်ထားတာကြာသွားပေမယ့် ပရိသတ်တွေအတွက် တစ်ခုခုရရှိစေမယ့် ကားလေးပါ" ဟုပြောသည်။
သရုပ်ဆောင် ဝါဝါအောင်ကလည်း ယင်းဇာတ်ကားတွင် မိမိတို့ဇနီးမောင်နှံ အနေဖြင့် လင်မယားအခန်း ကပင် ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ဇာတ်ဝင်ခန်းမှာ များများစားစားမရှိကြောင်း၊ ရပ်ကွက်ထဲတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အလွဲအချော် ဇာတ်ရုပ်လေးများအတိုင်း ပါဝင်အားဖြည့် သရုပ်ဆောင်ထာခြင်း ဖြစ် ကြောင်းပြောသည်။
သရုပ်ဆောင် ဒိန်းဒေါင် က "ဒီကားထဲမှာတော့ အောင်ရဲလင်းရဲ့သူငယ်ချင်း အင်တာနက် ဆိုင်ပိုင်ရှင် အနေနဲ့ သရုပ်ဆောင်ထားတာပါ။ အောင်ရဲလင်း ဒုက္ခပေးတာမျိုးတွေအပြင် ကိုယ်တိုင် အလွဲလေးတွေ လုပ်တဲ့ ဇာတ်ရုပ်မျိုးပါ။ အမှတ်တရအနေနဲ့ ဆိုရင်တော့ ကျွန်တော့် အနေနဲ့ ဒီဇာတ်ကားဟာ အောင်ရဲလင်းနဲ့ ပထမဆုံးတွဲပြီး ရိုက်ကူးတဲ့ရုပ်ရှင်ကားကြီးပါ။ ရာဇာနေဝင်းနဲ့လည်း အပြင်မှာ ပထမဆုံးတွဲပြီးရိုက်ဖူးတဲ့ရုပ်ရှင်ကားကြီးလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကာလေးဟာ အချစ် ဟာသကားလေးဆိုပေမယ့် ကိုဇော် (အရုဏ်ဦး)ရဲ့ မူအတိုင်းပဲ တခြား ကားတွေနဲ့ကွဲထွက်နေ ပါလိမ့်မယ်" ဟုပြောသည်။
လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကြောင့် လူမှုဘ၀ ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝိုင်းကြားတွင် အလွဲလွဲအချော်ချော် ဖြစ်ရပုံတို့ကို ဟာသအမြင်ဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ် စတင် ခေတ်စားလာသည့် အချိန်ကာလကို အခြေခံကာ ရပ်ကွက်ထဲမှ အကြောင်းအရာများကို ရိုက်ကူးထားခြင်းဖြစ်ကြောင်းသိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်