ဆာနား၊ ဇွန် ၂
ယီမင်နိုင်ငံမှ ဟူသီအဖွဲ့သည် အမေရိကန် လေယာဉ်တင်သင်္ဘော အိုင်စင်ဟောင်ဝါ၊ နောက်ထပ်အမေရိကန် စစ်ရေယာဉ်တစ်စင်းနှင့် ကုန်တင်သင်္ဘောလေးစင်းကို ပင်လယ်နီနှင့် အာရေဗျပင်လယ်တို့တွင် ဇွန် ၁ ရက်ညပိုင်းက တိုက်ခိုက်မှများ ပြုလုပ်ခဲ့ကြောင်းပြောသည်။
ထို့ပြင် လေယာဉ်တင် သင်္ဘော အိုင်စင်ဟောင်ဝါကို ၂၄ နာရီအတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ကြောင်း ဟူသီ စစ်ဘက်ပြောရေဆိုခွင့်ရှိသူ ယာယာဆာရီယာက ပြောသည်။ ပထမအကြိမ် တိုက်ခိုက်မှုမှာ မေ ၃၁ ရက်တွင် ဖြစ်ကြောင်း၊ အမေရိကန်-ဗြိတိန်က မေ ၃၀ ရက်ညပိုင်းတွင် ဟူသီစစ်ဘက် ဆိုင်ရာနေရာများကို ပစ်မှတ်ထားကာ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၆ ဦး သေဆုံးပြီး အခြား ၄၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆာရီယာက ပြောသည်။
လေယာဉ်တင်သင်္ဘောအပြင် ပင်လယ်နီတွင် မောင်းသူမဲ့အမေရိကန်ဖျက်သင်္ဘော တစ်စင်းကိုလည်း ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အခြားသော စစ်ဆင်ရေး အများအပြားမှာ အစ္စရေးဆိပ်ကမ်းများသို့ ဆိုက်ကပ်ခြင်းမပြုရန် ဟူသီ၏ တားမြစ်ချက်များကို ချိုးဖောက်သည်ဟုဆိုကာ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ပစ်မှတ်ထားတိုက်ခိုက်သည့် သင်္ဘောများတွင် MAINA၊ ALORAIQ နှင့် ABLIANI တို့ ပါဝင်ကြောင်း သိရသည်။ လွန်ခဲ့သည့် နိုဝင်ဘာလနောက်ပိုင်း ပင်လယ် နီကို ဖြတ်သန်းခုတ်မောင်းလာသော အစ္စရေးနှင့်ဆက်နွှယ်သည့် သင်္ဘောများကို ပစ်မှတ်ထားကာ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် ဟူသီအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဆင်ဟွာ