နေပြည်တော် ၂၃ စက်တင်ဘာ
(၂၄) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ လုံခြုံရေးဆိုင်ရာကိစ္စ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စ၊ နယ်နိမိတ်စီမံခန့်ခွဲရေးကိစ္စ၊ နှစ်နိုင်ငံ၏ အကျဉ်းသားများ ဆိုင်ရာကိစ္စ၊ သဘာဝတောရိုင်း တိရစ္ဆာန်များ မှောင်ခိုကူးသန်း ရောင်းဝယ်မှုနှင့် လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဆိုင်ရာကိစ္စနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင် ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒေသအဆင့် အစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက စက်တင်ဘာ ၂၄ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ် သည်။
အဆိုပါအစည်းအဝေးသည် ၁၉၉၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် လက်မှတ်ရေးထိုးခဲ့သော မြန်မာ-အိန္ဒိယနယ်စပ်နယ်ဘက် အာဏာပိုင်များ၏ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာ-အိန္ဒိယ နယ်စပ်နယ်ဘက်အာဏာပိုင် များ၏ ဒေသအဆင့် အစည်းအဝေးများကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် တစ်လှည့်စီ ကျင်းပခဲ့ရာ ယခု(၂၄)ကြိမ်မြောက် ဒေသအဆင့်အစည်းအဝေးကို နေပြည်တော်၌ ကျင်းပခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦး၊ အိန္ဒိယနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန် Mr. Shri Satyendra Garg နှင့်တာ၀န်ရှိသူ များက ဆွေးနွေးကြသည်။
(သတင်းစဉ်)


