နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

(၂၅)ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ “ပျားမွေးမြူရေးနှင့် နေကြာသီးနှံ အထွက်တိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာ ဦးစီးဌာနများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ တက္ကသိုလ်တို့မှ တာဝန်ရှိသူများ သုတေသီပညာရှင်များ၊ ပျဉ်းမနားမြို့နယ်မှ တောင်သူ လယ်သမားများ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နေကြာသီးနှံအပါအဝင် ပင်ခြားဝတ်မှုံကူးသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်း အထွက်တိုးစေရန်အတွက် ပျားနှင့် အခြားဝတ်မှုံကူး အင်းဆက်ပိုးများလိုအပ်ကြောင်း၊ စိုက်ပျိုးရေး တောင်သူများအနေဖြင့် ပျားမွေးမြူရေးကို ပူးတွဲလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ပျားရည်လည်းရ ဝတ်မှုံကူးမှု အပြည့်အဝရ၍ အစေ့အဆံ ဖွံ့ဖြိုးကာ နေကြာပွင့်အလေးချိန်တိုး၍ သီးနှံအထွက်လည်း တိုးတက်နိုင်ကြောင်း၊ မိုးကြိုမိုးနှောင်း ကာလများတွင် နေကြာစိုက်ခင်းများအတွင်း ပျားများရှိခြင်း၊ မရှိခြင်းအပေါ် သီးနှံအထွက်နှုန်းရလဒ်များကို ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲနှင့် ပူးပေါင်း၍ သုတေသနများ ပြုလုပ်သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဖြူဖြူစမ်းက “ပျားမွေးမြူရေးနှင့် နေကြာသီးနှံအထွက်တိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်သိန်းက ပျားများနှင့် ပျားအုံအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာလှိုင်မင်းဦးက ပျားမွေးမြူရေးနှင့် ပျားမွေးမြူရေးဆိုင်ရာ နည်းလမ်းကောင်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ကျန်မြို့ နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းအထူးအထွက်တိုးရေးအတွက် ဘောင်ကြီး တင်စနစ် Broad Bed and Furrow အသုံးပြု၍ စီမံချက်များ ရေးဆွဲလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်