မင်းဘူး ၂၉  ဇန်နဝါရီ

မင်းဘူးမြို့၏ အနောက်ဘက်(၃၄)မိုင်အကွာ  မန်းချောင်းဘေးရှိ ရွှေစက်တော်ဘုရား (၂၅၈၆) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီလ၂၉ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဖွင့်ပွဲနေ့၌ အောက်စက်တော်ရာပါဒစေတီ အလင်းပေါက်ဖန်အုပ်ဆောင်း ဖွင့်လှစ်ခြင်း  အထက်စက်တော်ရာ ရွှေထီးတော် သစ်တင်လှူပူဇော်ခြင်းနှင့် ကိုးခန်းကြီး မဟာမြတ်မုနိတန်ဆောင်းတော် ဘက်စုံပြုပြင် မွမ်းမံ လှူဒါန်းမှု ရေစက်ချခြင်း မင်္ဂလာအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

369

 

ဖွင့်ပွဲအခမ်းအနားတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော် အရှင်သူမြတ်မှ မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

2563

 

ထို့နောက် ဆရာတော်ကြီးများနှင့် မကွေးတိုင်းဝန်ကြီးချုပ်အမှူးပြုသော အကြီးအကဲများက အထက် စက်တော်ရာသို့ ရွှေထီးတော်သစ်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် ဘုံအဆင့်ဆင့်တို့အား တင်လှူပူဇော်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်ခြင်များ ဆောင်ရွက်ခဲ့ကြသည်။

 

4563289

 

ကိုးခန်းကြီး တန်ဆောင်းတော်ကို ရတနာပုံခေတ်၊ အမရပူရခေတ်၊ ညောင်ရမ်းခေတ် စသည့် ခေတ်(၃) ခေတ် မြန်မာမှုလက်ရာများဖြင့် မွမ်းမံချယ်သထားပြီး ရွှေစက်တော်ဘဏ္ဍာတော်ငွေ ကျပ်သိန်း ၅၆၀ဝ သုံးစွဲကာ ပညာရှင်တမ္ပဝတီ ဦးဝင်းမောင်၏သား ကိုချိုဇော်မင်း(တကောင်းကုမ္ပဏီ) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

741

 

ပွဲတော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် High Pressure Pump နှစ်လုံးကို အခြားရေပိုက် များဖြင့် ကွန်ရက်ချိတ်ဆက်၍ အရေးပေါ်မီးသတ်ရန် စီစဉ်ထားပြီး ကျပ် ၁၅ သိန်းတန် မီးငြှိမ်းသတ်စက် (၁၀) လုံးကိုလည်း မန်းချောင်းစပ်နေရာများတွင် ချထားသွားမည်ဖြစ်ကြောင်း သိရသည်။

963258

 

ယင်းအပြင် လုံခြုံရေး၊ ကျန်းမာရေး၊ ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာ တည်းခို နေထိုင်နိုင်စေရေးနှင့် ရွှေစက်တော်ဘုရားပွဲတော်သို့ လာရောက်သည့်ဘုရားဖူးယာဉ်များ အဆင်ပြေစွာ ရပ်နားနိုင်ရန်အတွက် သုံးထပ်ဗိမာန်အခြေနား၌ နှစ်ကျိပ်ရှစ်ဆူကားကွင်းတစ်ခု၊ လေယာဉ်ကွင်း၌ ကားရပ်နားကွင်းတစ်ခု၊ နဂါးနီအတက်၌ ဇော်ဂျီကွင်းအမည်ရှိ ကားကွင်းတစ်ခု၊ ငဖဲစောင်းတန်းဘက် မီးပျံကျ၌ ကားကွင်းတစ်ခုတို့ကို စီစဉ်ထားကြောင်း သိရသည်။     

ဇေယျတု(မကွေး)