နေပြည်တော်၊  ၁၇  ဒီဇင်ဘာ

(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  IOM(Myanmar)၊ UNICEF၊  World Vision ၊ Save the Children၊ JICA(Myanmar)၊ IJM(Myanmar)တို့မှ တာဝန်ရှိသူများပါဝင်သည့် မြန်မာကိုယ်စားလှယ် (၁၈)ဦးနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် (၂၇)ဦး တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Ramrung Worawat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

 

ယင်းနောက် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူ မြန်မာနိုင်ငံ သားများနှင့်စပ်လျဉ်း၍ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားစဉ် ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အမြန်ဆုံးနှင့် လုံခြုံစိတ်ချမှုရှိစွာ ပြန်လည်လွှဲပြောင်း လက်ခံပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအတွင်း အတားအဆီးများ ကြား၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများကို လူကုန်ကူးခံရသူ အခြေပြု နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံ အခက်အခဲများအား အတူတကွ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ၎င်းတို့ရသင့်ရထိုက်သည့် လျော်ကြေးငွေများ ရရှိရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေး နိုင်ရန် ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံရှေ့ဆက် အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အစည်းဝေး ဆုံးဖြတ်ချက် (၁၁)ချက်ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည်။

 

အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးများကို ၂၀၀၈ ခုနှစ်မှ စတင်၍ အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုကျင်းပဆောင်ရွက်သည့် (၂၅)ကြိမ်မြောက် အစည်းအဝေးသည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကာ ယင်းသို့ အစည်းအဝေးများကို နှစ်နိုင်ငံ ပုံမှန်ကျင်းပ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေး လုပ်ငန်းများကိုလည်း လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၁၀၇)ဦးအား ဇွန်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် (၂)ကြိမ်တိုင်တိုင် ပြန်လည်လွှဲပြောင်း လက်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)