နေပြည်တော် အောက်တိုဘာ ၂၁
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းကြကာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အတွင်းရှိ သာသနိကအဆောက်အဦများ၊ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋီတိုက်များ၊ ကျောက်စာရုံစေတီတော်များနှင့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးကို ကြည့်ရှု လေ့လာဖူးမြော်ကြည်ညိုကြသည်။
ထို့အတူ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းကြကာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက် ရေးဥယျာဉ်ရှိ ရတနာဆင်ဖြူတော်များကို ကြည့်ရှု လေ့လာ၍ အာဟာရဒါန ကျွေးမွေးကြသည်။
ထို့ပြင် နေပြည်တော် Junction Center နှင့် ဥတ္တရသီရိ Ocean Super Center တို့သို့ သွားရောက်ကြပြီး အမှတ်တရ လက်ဆောင်စ္စည်းများ ဝယ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


