နေပြည်တော် ဩဂုတ် ၂
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဆပ်ကော်မတီများမှ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပခဲ့သည့်ကာလသည် ငွေရတု ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည့်အတွက် ငွေရတုအထိမ်းအမှတ် အစဉ်အလာအတိုင်း ထိုက်သင့်သည့်အလျောက် ခမ်းခမ်းနားနား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆပ်ကော်မတီအလိုက်တင်ပြထားသည့် သုံးစွဲငွေများထဲမှချိန်ဆ၍ အခမ်းနားဆုံးကျင်းပသည့် ပွဲနှင့်အညီ လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘတ်ဂျက်အနေဖြင့်လည်း အတတ်နိုင်ဆုံး စိစစ်ချွေတာ၍ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းညှိ နှိုင်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဆပ်ကော်မတီများမှ တင်ပြလာသော အသုံးစရိတ်နှင့် စက်သုံးဆီ လျာထားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ဆပ်ကော်မတီများဖြစ်သည့် လုံခြုံရေး ဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေး ဆပ်ကော်မတီ၊ ပြိုင်ပွဲစိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ တည်းခိုမည့် နေရာအုပ်ချုပ်ရေးဆပ်ကော်မတီ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် MICC(II)တို့မှ တာဝန်ရှိသူများက ၎င်းတို့တင်ပြထားသည့် အသုံးစရိတ်နှင့် စက်သုံးဆီလျာထားချက်များနှင့်ပတ်သက်၍ စိစစ်သုံးစွဲနိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


