နေပြည်တော် အောက်တိုဘာ ၂၃
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကြိုဆို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက် ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာအကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကြိုဆိုကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက် အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာ၌ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာပြီးစီးရေး အတွက် မိမိတို့၏ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မေတ္တာ၊ စေတနာအပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုး ပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများ၊ ဗဟို၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ပြု ကျင်းပသည့်အခမ်းအနား ပင်ဖြစ်ကြောင်း။
ယခုပြိုင်ပွဲကြီးများကို နှစ်စဉ်အစဉ်အလာမပျက် အသွင်သဏ္ဌာန်သာမက အနှစ်သာရပါ ပိုမိုပြည့်စုံပြီး အမျိုးသားရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြိုင်ပွဲကြီး၏ရည်ရွယ်ချက်များ တိုးတက် အကောင်အထည်ပေါ်လာစေရေး အလေးထားကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကြီးများတွင် ပညာရှင်ကြီးများအားလုံးက တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်ဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကို နိုင်ငံတော်၏ကိုယ်စား အလေး အနက်ထား ပြောကြားလိုကြောင်း။
အမျိုးသားယဉ်ကျေးမှု ခိုင်မာတောင့်တင်းနေရန်လိုအပ်
မိမိတို့ အမျိုးသားယဉ်ကျေးမှုသည် အဘက်ဘက်က ခိုင်မာတောင့်တင်းနေရန် လိုအပ်ကြောင်း၊ သို့မှ သာ တိုင်းတစ်ပါးယဉ်ကျေးမှုများထဲမှ မြန်မာတို့၏ အမျိုးဘာသာသာသနာ ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေဖြစ်သည့် အချက်များကိုယူပြီး မိမိလူမျိုးတို့နှင့်ကိုက်ညီသည့် အမျိုးသား ယဉ်ကျေးမှုအသွင်သဏ္ဌာန်များကို ပြုပြင်ပြောင်းလဲနိုင်ကြမည်ဖြစ်ကြောင်း။
ယခုကဲ့သို့အချိန်အခါမျိုးတွင် မျိုးဆက်သစ် လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန် နေစေရေးအတွက် အနုပညာစွမ်းအားနှင့် အမြဲတမ်းစေ့ဆော်မြှင့်တင်ပေးရန် အထူးလိုအပ်လျက်ရှိ ကြောင်း။
မြန်မာ့အနုပညာသမိုင်းကို လေ့လာကြည့် မည်ဆိုပါက ခေတ်အဆက်ဆက် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများ၏ ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့သည့် ကျေးဇူးတရားများကြောင့် ယနေ့ သက်ရှိထင်ရှားရှိနေကြသည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများသည် အဖိုးထိုက်တန်သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားသူများအဖြစ် ရပ်တည်နေ နိုင်ခြင်းဖြစ်ကြောင်း။
ပိုမိုခိုင်ခံ့ဝင့်ကြွားတန်ဖိုးကြီးမားလာစေအောင် ပြုစုပျိုးထောင်
ထို့ကြောင့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများ ကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ ကြသည့် ဆရာသခင်အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်း၊ အလေ့အကျင့်ကောင်းများကဲ့သို့ အမွေခံထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက် ကြီးများကို ပိုမိုခိုင်ခံ့ဝင့်ကြွားတန်ဖိုးကြီးမား လာစေအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာ အမွေ လက်ဆင့်ကမ်းပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း။
ယခု ငွေရတုပြိုင်ပွဲမှသည် နောင်လာမည့် ရွှေရတု၊ စိန်ရတု ရတုအဆက်ဆက်တိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပေါင်းများစွာအတွက် ယဉ်ကျေးမှုအနုပညာအမွေ များကို လက်ဆင့်ကမ်းပေးဝေပြီး နိုင်ငံနှင့်လူမျိုး၏အကျိုးကို ထမ်းရွက်နိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သတိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆိုအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် အတီးအကဲ ဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဦးအောင်ကိန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပထမအကြိမ်မှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အထိ အကဲဖြတ် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် စည်သူဒေါ်ထား၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာသံစုံတီးဝိုင်း ဂီတမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်၊ အဆိုပြိုင်ပွဲ၌ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် အသက်အကြီးဆုံးပြိုင်ပွဲဝင် ဦးတင်အုန်း၊ အကပြိုင်ပွဲ ၌ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အသက် အငယ်ဆုံးပြိုင်ပွဲဝင် မောင်ဟိန်းလင်းမာန်သွေး၊ ဇာတ်တော်ကြီးပြိုင်ပွဲအတွက် ကူညီပံ့ပိုးသူ မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ နှင့် အခမ်းအနားမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အကဲဖြတ်ပညာရှင် စည်သူဒေါ်ထား ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အတူတကွသုံးဆောင်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြ ဖျော်ဖြေကြသည်။
ဂုဏ်ပြုပန်းခြင်းပေးအပ်
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


