နေပြည်တော်    ၁၀    မတ်

 

(၂၅)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။

 

12008645

 

အစည်းအဝေးသို့ UPDJC အတွင်းရေးမှူးများဖြစ်ကြသည့် အစိုးရအစုအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ဦးလှမောင် ရွှေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့မှ ဗဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွှန့်၊ တာလှဖေနှင့် ဦးသိန်းထွန်းတို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် UPDJC အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ အစားထိုး ပြောင်းလဲ တာဝန်ပေးအပ်သည့်ကိစ္စ၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ - UPDJC လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အတွင်းရေးမှူးများ လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပရေးကိစ္စနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစိုးရအစုအဖွဲ့မှ UPDJC အတွင်း ရေးမှူး ဦးလှမောင်ရွှေက ဒီနေ့အစည်းအဝေးက မတ် ၁၂ ရက်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို တင်ပြမယ့် အချက်တွေကို UPDJC အတွင်းရေးမှူးတွေက ပြုစုပြီး တင်ပြဖို့အတွက် ပြင်ဆင်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ ညီလာခံ လုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

 

11200086

 

ဒီနေ့ အဓိကဆွေးနွေးတာကတော့ UPDJC အစည်းအဝေးမှာ တင်ပြရမယ့် အချက်တွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ UPDJC အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ အစားထိုးပြောင်းလဲတာတွေ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စရပ်တွေနဲ့ လာမယ့်ညီလာခံအတွက် လိုအပ်တာတွေကို ဆွေးနွေးခဲ့ကြပါတယ်ဟုပြောသည်။

 

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- UPDJC အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပရန် လျာထားကြောင်း သိရသည်။

 

သတင်းစဉ်