ရန်ကုန် ၁၁ ဒီဇင်ဘာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၂၅)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ  ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက သရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်က သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားတော်မူသည်။

ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်း ဆရာတော်  ဘဒ္ဒန္တသုမနက (၂၅)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်း သဘင်အခမ်းအနားနှင့်စပ်လျဉ်း၍ လျှောက်ထားတော်မူသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်းဆရာတော်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်ထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး) မော်ကွန်းထိန်းဆရာတော်များက သာသနတက္က သီလဓမ္မပါရဂူဘွဲ့၊ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့၊ သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ တံဆိပ်တော် ခံယူတော်မူကြမည့် ရဟန်းတော်များ၏ တစ်ပါးချင်းဘွဲ့တော်ကို ကြေညာပြီး အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ပါမောက္ခချုုပ် ဆရာတော်များထံတွင် ဘွဲ့ခံယူတော်မူကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာခံယူကြပြီး ဒုတိယအဓိပတိဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်တပ်ဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

(၂၅)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှ သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ရ (၁)ပါး၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ရ (၁၆)ပါး၊ သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ရ (၁၀၂)ပါးတို့ ဘွဲ့ရရှိကြကြောင်း သိရှိရသည်။

သတင်းစဉ်