ရန်ကုန် ၈ စက်တင်ဘာ
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Thailand International Culinary Cup 2019 ပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း (၁၅)နိုင်ငံကျော်မှ နိုင်ငံကိုယ်စားပြု စားဖိုမှူးများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ရွှေဆင်ရုပ်ထုဆုနှင့် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်တာ အသင်းလိုက် အကောင်းဆုံးဆုအနေနဲ့ ရွှေဆင်ရုပ်ထုကို ရခဲ့ပါတယ်။ ပြိုင်ပွဲမှာ တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် တို့ကို ကျော်ဖြတ်ပြီးမှ ၉၂ မှတ်နဲ့ ရွှေတံဆိပ်ကိုရခဲ့တာပါ။ ပြိုင်ပွဲက free style ဖြစ်တဲ့အတွက် ဂျပန်အစားအစာနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ဆော့အရသာ အထူးကောင်းမွန်တာကြောင့် နိုင်ငံအတွက် ရွှေဆင်ရုပ်ထုကြီးကို သယ်ဆောင်နိုင်ခဲ့ပါပြီ။ ပြီးတော့ တစ်ဦးချင်း ပြိုင်ပွဲတွေမှာလည်း ရွှေ၊ ငွေနဲ့ ကြေးတံဆိပ်ဆုလည်း ရရှိခဲ့တယ်”ဟု မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ နေပြည်တော် စားဖိုမှူးများအသင်းဥက္ကဋ္ဌ ဦးမျိုးကျော်သူက ပြောသည်။
အဆိုပါ (၂၅)ကြိမ်မြောက် Thailand International Culinary 2019 အစားအသောက် ချက်ပြုတ်ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံကိုယ်စားပြုအဖြစ် Food and Hotel Thailand ပြပွဲကြီးတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြန်စားဖိုမှူးများအသင်းမှ စားဖိုမှူး ဦးမျိုးကျော်သူ (Chef Romeo Thu)၊ စားဖိုမှူး ရစ်ဝမ် (Chef Rizwan) နှင့် စားဖိုမှူး အောင်မျိုးဆွေတို့က ဂျပန်အစားအစာတွင် ထူးကဲသော ဆော့အရသာဖြင့် အာရှမှနိုင်ငံကြီးများနှင့် ဒေသတွင်းနိုင်ငံများမှ အသင်းများကို ကျော်ဖြတ်၍ ရွှေဆင်ရုပ်ထုကြီးကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးချင်း ပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ရွှေ(၅)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် ဆုများအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ဆုရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းအနေဖြင့် ယနေ့ နံက် ၈ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး


