၂၆-၁၁-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှ အဆက်

ရှေးဦးစွာ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက UEC အနေဖြင့် ယခု PR စနစ်ကို သွားမည်ဆိုပါက နိုင်ငံပါတီငယ်များ အများအပြား ဖြစ်နေသည့် အတွက် ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များရှိနေသည်ဟုလည်း ကြားနေ ရပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UEC အနေဖြင့် အပြည့်အဝအကူအညီ ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများလည်း ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ယခင်ရွေးကောက်ပွဲတွင်လည်း အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းခဲ့သည်များလည်း ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ၎င်းတို့ သဘောတူညီသည်ဆိုပါက အစည်းအဝေးများ၊ မှတ်တမ်းများ၊ လိုအပ်သည့် အချက်အလက်များ၊ ပုံစံများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီများပူးပေါင်း၍ ရပါကြောင်း၊ UEC အနေဖြင့် ၎င်းတို့ အဆင်ပြေအောင် အကူအညီများပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၂၀ ခုနှစ်တွင် နှင်းဆီပါတီမှ ဦးကျော်မြင့် တရားစွဲခံရပြီးနောက်တွင် နှင်းဆီပါတီကို ဖျက်သိမ်း လိုက်ကြောင်း၊ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ကြောင်း၊ အစောပိုင်းက UEC ကရှင်းပြခဲ့သည့်အထဲတွင် NLD ပါတီဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအပါအဝင်၊ သမ္မတ၊ ဒုတိယဥက္ကဌနှင့် CEC အဖွဲ့များကို ယခုလက်ရှိတွင် တရားဝင်တရားစွဲဆိုထားသည်ဟု သိရကြောင်း၊ ထို့သို့ တရားစွဲ ခံထားရသည့် NLD ပါတီကို UEC အနေဖြင့် ဖျက်သိမ်းရန် ရှိ/မရှိ သိလိုကြောင်းနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဖျက်သိမ်းမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်ကြီး၏ သဘောထားကို မေးလိုကြောင်း မေးမြန်းရာ သတင်းထောက်မှ မိမိတို့သည် မီဒီယာဖြစ်သည့်အလျောက် ကြားနေအဖြစ်သာ ရပ်တည်လိုကြောင်း ဖြေကြားသည်။

ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက် ဖြေကြားရာတွင် လက်ရှိသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ရှင်းလင်းပြောကြားသွားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် သတင်းများနှင့် ထုတ်ပြန်ချက်များတွင်လည်း NLD ပါတီ၏ ပါဝင်ပတ်သက်မှုများကို အားလုံးကြားသိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အစည်းအဝေးနှင့် အခမ်းအနား ၃ ကြိမ်တိုင်တိုင် ကြီးကြီးမားမားပြုလုပ်ခဲ့ကြောင်း၊ ထို့သို့လုပ်ဆောင်သည့် အချိန်တိုင်း NLD ပါတီကိုလည်း ဖိတ်ကြားခဲ့ကြောင်း၊ ယင်းသို့ဖိတ်ကြားရာတွင် နိုင်ငံပိုင်မီဒီယာမှ ဖိတ်ကြားခဲ့သကဲ့သို့ UEC Website ,   E-mail တို့အပြင် စာလမ်းကြောင်းမှလည်း ဖိတ်ကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တွင် အခြေစိုက်သည့် ရန်ကုန်ကော်မရှင်အဖွဲ့ခွဲတို့မှ တစ်ဆင့်လည်း ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြားသည့် နည်းလမ်း ၅ မျိုးခန့်နှင့် ဖိတ်ကြားခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့် အစည်းအဝေးများတွင် ၎င်းပါတီအနေဖြင့် အဆက်အသွယ် ရရှိခြင်း၊ တက်ရောက်ခြင်းမရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစောပိုင်းက တင်ပြခဲ့သကဲ့သို့ နိုင်ငံရေးပါတီ စစ်ဆေးခြင်းကို ၃၈ ပါတီကို စစ်ဆေးခဲ့ကြောင်း၊ NLD ပါတီကို စစ်ဆေး၍ မပြီးသေးကြောင်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီ ဖျက်သိမ်းရန်ကိစ္စကို ယခင်သတင်းစာရှင်းလင်းများတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ NLD ပါတီအား အလုံးစုံဖျက်သိမ်းရန် UEC ကိုတင်ပြထားသည်ဟု သိရကြောင်း၊ အဆိုပါကိစ္စသည် မှန်ကန်မှုရှိပါသလား၊ မှန်ခဲ့မည်ဆိုပါက UEC အနေဖြင့် မည်သို့ပြောလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ရက်စွဲပါစာဖြင့် အကြံပြု တင်ပြခြင်းစာအား လက်ခံရရှိကြောင်း၊ မိမိတို့ ပြောလိုသည်မှာ အဆိုပါ အကြံပြုစာတွင် လိုအပ်သည့် သက်သေ အထောက်အထားများ ပြည့်စုံစွာ မပါရှိကြောင်း၊ UEC အနေဖြင့်လက်ရှိတွင် ပါတီများကို စစ်ဆေးဆဲဖြစ်ပြီး NLD ပါတီကိုလည်း မစစ်ဆေးရသည်များလည်း ရှိကြောင်း၊ ထို့ကြောင့်  ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၁၀ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်သူများစွာ ရှိခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲတွင် UEC အနေဖြင့် မည်သို့ဖြေရှင်းသွားမည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌  မဲမသမာမှုဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ယင်းတို့အထဲတွင် မှတ်ပုံတင်မရှိသူ ၄ သန်း ၈ သိန်းခန့် ရှိကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ထိုသို့ မဲမသမာမှု မပါရှိစေရန် မဲဆန္ဒရှင်များသည် မှတ်ပုံတင်ရှိရမည်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရကြောင်းကို ခိုင်လုံစေသည့် မှတ်ပုံတင်ပါရှိရမည်၊ သက်ဆိုင်ရာ ဒေသတွင်လည်း နေထိုင်သူ ဖြစ်ရမည်ဆိုသည့် ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကလည်း မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင်များ အမြန်ရရှိစေရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမတစ်ပိုင်းတွင် မှတ်ပုံတင်လိုအပ်နေ သည့်သူများကို ဌာနဆိုင်ရာနှင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသကဲ့သို့ ကာယကံရှင်များ ကိုယ်တိုင်ကလည်း မိမိ၏မှတ်ပုံတင်ရရှိရန် ကိုယ်တိုင်ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ယခုကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ထင်မိပါကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဇော်မင်းဦး က မိမိအနေဖြင့် PR စနစ်ကိစ္စကို (၉/၂၀၂၁) သတင်းစာရှင်းလင်းပွဲတွင်လည်း မေးမြန်းခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း PR စနစ်ကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များက ယခုသတင်းစာရှင်းလင်းပွဲတွင် မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ၎င်းတို့ကိုယ်စား မေးမြန်းခြင်းဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက အဆိုပါ PR စနစ်မှာ အများအပြားရှိပြီး လွန်စွာကျယ်ပြန့် ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားရမည်ဖြစ်သဖြင့် မဲဆန္ဒနယ်မြေကို ကိုယ်စားပြုသည့် PR စနစ်ကို ကျင့်သုံးမည်လား၊ Parliment Access ဆိုသည့် ကိုယ်စားပြုသည့်စနစ်ကို ကျင့်သုံးမည်လား၊ ထိုသို့ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားများ၏ အခွင့်အရေး မည်မျှရရှိနိုင်မည်ဟု သိလိုကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ကာလတွင် မိမိအား NLD ပါတီက နိုင်ငံရေးအမှုဖြင့် ထောင်ချထားသဖြင့် အကျဉ်းထောင်ထဲတွင် ရောက်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမှ မသိခဲ့ရကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုသည့် အဖွဲ့များရှိကြောင်း၊ အဆိုပါ အဖွဲ့များက ရွေးကောက်ပွဲ အစီရင်ခံစာများကို တင်ပြခဲ့သည်များလည်း ရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင်လည်းထိုအဖွဲ့များက ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းတို့တင်ပြလာသည့် အစီရင်ခံစာများအပေါ် ဖတ်ရှုလေ့လာပြီး ၎င်းတို့၏ တင်ပြချက်များ  မှန်/မမှန်နှင့် အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိသိလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို တရားစွဲဆိုခွင့်မရှိဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားသည်ကို ဖတ်ရပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲထားသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ဦးလှသိန်းကို မည်သည့်ဥပဒေနှင့် တရားစွဲထားသည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်းမပြန်ရဟူသည့် ဥပဒေလည်းရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့အခြေအနေမျိုး နောင်အလားတူဖြစ်ပေါ်လာပါက လက်ရှိ သတင်းနှင့်ပြန်ကြားရေးလုပ်ဆောင်နေသည့် ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဦး နှင့် ကော်မရှင်မှ တာဝန်ရှိသူများအနေဖြင့်လည်း နောက်လူများက ယင်းသို့လုပ်ဆောင် မည်ဆိုသည့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့နိုင်ငံအတွက်လည်း မကောင်းသည့် အတိတ်နိမိတ်ဖြစ်သည့်အတွက် အဆိုပါကိစ္စအတွက် မည်ကဲ့သို့ ပြင်ဆင် ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  PR စနစ်၏သဘောကို အစောပိုင်းက Presentation ဖြင့် မိမိတင်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ပို၍အကျိုးများသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မဲများကို အချိုးကျရရှိမည်ဖြစ်ပြီး မဲများမဆုံးရှုံးသဖြင့် တိုင်းရင်းသားဒေသများနှင့် အားလုံးအတွက် အကျိုးများမှာဖြစ်ကြောင်း၊ PR စနစ်တွင် မျှမျှတတဖြင့် ကိုယ်စားလှယ်များ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ပို၍အကျိုးများမည်ဖြစ်ကြောင်း၊ PR စနစ်ကို သွားသည့်အချိန်တွင် PR စနစ်၏ သဘောတရားအရ မဲဆန္ဒနယ်မြေကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်၍ ရသည့်မဲအတိုင်း အချိုးကျခံစားသည့်သဘောမှာ PR စနစ်၏ အခြေခံသဘောတရားဖြစ်ကြောင်း၊ ထိုစနစ်တွင် စနစ်အမျိုးအစား အများအပြားရှိကြောင်း၊ သို့သော် List PR စနစ်ကို အများဆုံး ကျင့်သုံးကြသည်ကို တွေ့ရကြောင်း၊ ထိုစနစ်တွင်လည်း Close List နှင့် Open List ဟူ၍နှစ်မျိုးရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက်တစ်လ နှစ်လခန့်အထိ ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပြီးပါက တိတိကျကျ ဖြေကြားပေးနိုင်မည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲတွင် တာဝန်ရှိသည့် တာဝန်ရှိသူ အသီးသီးကို အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဥပဒေတွင် ပုံမှန်အရ မိမိ၏ လုပ်ငန်းတာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သဘောရိုးဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်သည့်ကိစ္စများကို Immunity ပေးထားသည် ဆိုသည့်ကိစ္စကို ယခင်ကလည်း မိမိဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ တရားစွဲဆိုခံရသော်လည်း ၎င်းပုဂ္ဂိုလ်အနေဖြင့် ပြန်လည်၍ခုခံ ချေပပိုင်ခွင့်ရှိကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ထားသည်၊ သဘောရိုးဖြင့် ဆောင်ရွက်ထားသည်ဆိုပါက ဥပဒေအရ အရေးယူမည် မဟုတ်ကြောင်း၊ သို့သော် လုပ်ပိုင်ခွင့်ကိုအကြောင်းပြု၍ အစောပိုင်းက မိမိဖတ်ကြားခဲ့သည့် ပြစ်မှုဆိုင်ရာ အကြောင်းအရာများကို ကျူးလွန်မည်ဆိုပါက မည်သူမဆို အရေးယူခံရနိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဇော်မင်းဦး က PR စနစ်ဆိုသည်မှာ အချိုးကျကိုယ်စားပြုစနစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်တစ်ဦးက မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ထပ်မံမေးမြန်း လိုကြောင်း၊ ရွေးကောက်ပွဲပြီးပါက  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် ပါဝင်မှာဖြစ်ကြောင်း၊ PR စနစ်သည် အချိုးကျကိုယ်စားပြုစနစ် ဖြစ်ခြင်းကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် အခြားရွေးကောက်ခံ ကိုယ်စားလှယ်များနည်းတူ ထပ်မံ မဲထည့်ခွင့် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စ နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင် ပါပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ နိုင်ငံတော်၏သမိုင်းနှင့် ဖြစ်စဉ် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲတင်မြှောက်ခြင်းနှင့် လွှတ်တော်ဖွဲ့စည်းခြင်း အပိုင်းများကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်များအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Voter Right သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏  မူလအခွင့်အရေးနှင့် တာဝန် အခန်းတွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက်ခံပိုင်ခွင့်လည်းရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပေါ်တွင် သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ကျန်ခဲ့သည့်အဖြေအား ဖြည့်စွက်ဖြေကြား ပေးသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့အချို့ လာရောက်လေ့လာခဲ့ကြကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ လူပေါင်း ၈၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ လူပေါင်း ၆၄၁ ဦးရှိကြောင်း၊ အဆိုပါအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း ကနဦးအစီရင်ခံစာနှင့် အသေးစိတ် အစီရင်ခံစာများ တင်ရကြောင်း၊ သို့သော် ကနဦးအစီရင်ခံစာအချို့သာ ရရှိခဲ့ပြီး အသေးစိတ် အစီရင်ခံစာများ ရရှိခဲ့ခြင်းမရှိကြောင်း၊ အဆိုပါအစီရင်ခံစာများ အထဲတွင် ထူးခြားသည်မှာ မဲဆန္ဒရှင် ၁၁ သန်းကျော် မှားယွင်းနေသည့်ကိစ္စနှင့် ကြိုတင်မဲပြဿနာများ အနည်းငယ်သာ ပါဝင်သည်ကို တွေ့ရကြောင်း ဖြည့်စွက် ဖြေကြားသည်။

ဒေါ်သဇင်ဦးက PR စနစ်လေ့လာနေသည့် လူငယ်တစ်ယောက်အနေဖြင့် မေးခွန်းမေးလိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR Design ကို ရွေးကောက်ပွဲ မကျင်းပမီ မည်မျှအလိုတွင် အတည်ပြုပြဋ္ဌာန်းနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR Design နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထိုက်အလျောက် တိုးတက်မှု ရရှိနေပြီဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လခန့် အကြာတွင် Design ကိစ္စအား အကျေအလည် ဆွေးနွေးပြီးပါက Design ရရှိမှာဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကိစ္စကိုလည်း မိမိတို့ ကြိုတင်လျာထားပြီး ဖြစ်သည့် အတွက် ဥပဒေမူဘောင်အရ Design ကိုရပြီးပါက ဆောင်ရွက်နိုင်သည့် အနေအထား ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အဓိကဆောင်ရွက်ရမည့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ ဝန်ထမ်းများကိုလည်း ကနဦးအဆင့် Knowledge ပေးပြီးဖြစ်ကြောင်း၊ Design ရပြီးပါကလည်း ထပ်မံ အသိပညာပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်များကို အသိပေးခြင်းနှင့် ကျန်သည့်အပိုင်းများကို ပူးပေါင်း၍ ကဏ္ဍအစုံတွင် ပါဝင်ပတ်သက်သည့်သူများက ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက အချိန်မီ ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ အချိန်အတောအတွင်း အချိန်မီပြီးစီးရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများသည် မူဝါဒ အလွဲအမှားများနှင့် အောက်ခြေ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တင်ဒါထွက်သည့် လုပ်ငန်းရှင်များမှာ အခက်ခဲများကြုံ တွေ့နေရကြောင်း၊ PAE နှုန်းထားများ နိမ့်ချပြီး QC အလွန်အမင်း စစ်ဆေးသဖြင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ များစွာတွေ့ခဲ့ရကြောင်း၊ ထိုအခက်ခဲများ ကြုံတွေ့ရသည့်အပြင် လတ်တလော ဘဏ်လုပ်ငန်းများကြောင့် နှောင့်နှေးမှုများစွာ ကြုံတွေ့နေရကြောင်း၊ လေဘာအခက်ခဲများ၊ အရောင်းဝယ်လုပ်၍ ငွေချေရာတွင် အခက်အခဲများ များစွာတွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ယခုလက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက တင်ဒါလုပ်ငန်းနှင့်ပတ်သက်ပြီး ကြုံတွေ့ရသည့် အခက်အခဲကို သိရှိကြောင်း၊ အဓိကကြုံတွေ့ရသည့် အခက်ခဲများ ၂ ပိုင်းရှိကြောင်း၊ နံပါတ် (တစ်) အပိုင်းမှာ ဘဏ်လုပ်ငန်းစနစ်များကြောင့် ဖြစ်နေသည်များရှိကြောင်း၊ နံပါတ် (နှစ်) အနေဖြင့် တင်ဒါခေါ်ထားပြီး ပြည်ပမှတင်သွင်းသည့် အခက်ခဲများ ကြုံတွေ့နေရခြင်းများ ရှိကြောင်း၊ ငွေရေးကြေးရေး စျေးမြင့်သွားမှုကြောင့် ယခင်က တင်ဒါခေါ်ယူသည့် စျေးနှုန်းနှင့် မကိုက်ညီသည့် အဖြစ်မျိုးရှိကြောင်း၊ အပိုင်း ၂ ပိုင်း နှင့် ဖြေရှင်းဆောင်ရွက်နေကြောင်း၊ နံပါတ် (တစ်) အပိုင်းမှာ ပစ္စည်းတင်သွင်းသည့် အပိုင်းဖြစ်ကြောင်း၊ ပစ္စည်းတင်သွင်းသည့် အပိုင်းမှာ အဓိကအားဖြင့် ကုန်းလမ်းထက် ဆိပ်ကမ်းမှ ပစ္စည်းတင်ပို့ခြင်း ပိုများသည်ဟု သိရှိရကြောင်း၊ ဆိပ်ကမ်း၌ရောက်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ကုန်သင်္ဘောများရှိကြောင်း၊ ကုန်သင်္ဘောဝင်ရောက်မှုနှင့် တစ်ချို့တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေသည့် ကွန်တိန်နာများ ရှားပါးမှု ကြုံတွေ့နေဆဲဖြစ်ကြောင်း၊ ၎င်းကိုလည်း ဖြေရှင်းဆောင်ရွက်နေဆဲဟု ပြောလိုပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဘဏ်လုပ်ငန်းတစ်ချို့ ပြဿနာ အခက်အခဲများ ကြုံတွေ့နေခြင်းကို သိရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်၊ ငွေရေးကြေးရေး နှင့်ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်၊၊

VOM သတင်းဌာနမှ  သတင်းထောက် ဦးမောင်မောင်ထွန်းက NUG ၊ PDF ၊ CRPH အဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် ကိစ္စများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ပြောသွားကြောင်း၊ NUG ကလည်း ငွေတိုက်စာချုပ်များ ရောင်းနေသည်ကိုတွေ့ရ ကြောင်း၊ ယင်းကိစ္စများကို မည်သို့အရေးယူသွားမည်ကို သိလိုပါကြောင်း မေးမြန်း သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG ၊ CRPH အဖွဲ့များနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံနေသူများရှိကြောင်း၊ ၎င်းတို့အနေဖြင့် ငွေတိုက်စာချုပ် ရောင်းနေသည်မျိုး ရှိကြောင်း၊ ၎င်းတို့အတွက် လော်ဘီလုပ်နေသည့် မီဒီယာများလည်း ရှိကြောင်း၊ လော်ဘီလုပ်နေသည့် မီဒီယာများက မည်မျှရောင်းလိုက်ရသည်ဟူ၍ ပြောနေခြင်းများကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ဆက်စပ်ပြီး ပြောလိုကြောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေးကူညီပေးခြင်းများက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဥပဒေ ပြဋ္ဌာန်းချက်နှင့် အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူက အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ (ငွေဒဏ်လည်းပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအဖွဲ့အစည်းများက ဖွဲ့စည်းထားသည့် ငွေတိုက်စာချုပ် ဝယ်ယူသူများလည်း အကြမ်းဖက်မှုကို အားပေးကူညီရာ ရောက်သည်ဟုပြောလိုကြောင်း၊ နိုင်ငံတွင်း ဝယ်ယူသူရှားကြောင်း၊ ပြည်ပမှထောက်ပံ့သည်ကို တစ်နည်းအားဖြင့် ငွေမည်းကို ငွေဖြူလုပ်ရန်အတွက် အဓိကရည်ရွယ်သည်ဟု ယူဆရကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (ည)တွင် ပုဒ်မ ၄၁ ၊ ပုဒ်မ ၄၂ ပုဒ်မခွဲ (က) မှ (ဃ) အထိပါကြောင်း၊ မည်သို့ပြစ်ဒဏ် ပေးနိုင်သည်ဟုပါရှိကြောင်း၊ ပုဒ်မ ၄၁ (က) တွင် မည်သူမဆို အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ၊ ယင်းပြစ်မှုဖြစ်မြောက်အောင် ပံ့ပိုးထားသည်ဖြစ်စေ၊ ဆောင်ရွက်စေရန်အလိုငှာ တရားဝင်သော နည်းလမ်း၊ တရားမဝင်သော နည်းလမ်းများဖြင့်၊ ယင်းနည်းလမ်းနှစ်မျိုးလုံးဖြင့် ရရှိသည့် ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး သို့မဟုတ် အကြမ်းဖက်အုပ်စု တစ်ခုခုက အသုံးပြုရန်ရည်ရွယ်ပြီး အသုံးပြုမည်ကို သိလျက်နှင့်ဖြစ်စေ၊  ဥပဒေနှင့် မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် တမင်ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းသည် ပုဒ်မ ၄၁ (ဃ)၊ ပုဒ်မ  ၄၁ (က) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ စည်းရုံးခြင်း၊ ကြံရာပါဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြစ်လျှင် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှု ကျူးလွန်ရာရောက်သည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း အားလုံးသိရှိစေ လိုကြောင်း၊ ပုဒ်မ(၄၂)တွင် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကိုကျူးလွန်ရာ ရောက်သည့်အကြောင်းများ ဖြစ်ကြောင်း၊ မည်သည့်အကြမ်းဖက် အုပ်စုပိုင်ပစ္စည်း (သို့မဟုတ်) အကြမ်းဖက်သမားပိုင်ပစ္စည်းကို တိုက်ရိုက်၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ အကြမ်းဖက်သမားပိုင်ပစ္စည်းများ ပါဝင်ပတ်သက်သည့် အရောင်းအဝယ် လုပ်ငန်း တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်မြောက်အောင် ပံ့ပိုးခြင်း၊ ထို့နောက် အကျိုးအမြတ် ဖြစ်စေရန်အတွက် အကြမ်းဖက်သမားပိုင် ပစ္စည်းများအပါအဝင်၊ ပါဝင်ပတ်သက်သည့် ငွေကြေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေမှုများ၊ အကြမ်းဖက်သမားပိုင် ပစ္စည်းမှန်းသိလျက် မိမိလက်ဝယ် ထားရှိခြင်း၊ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းများသည် ၎င်းဥပဒေနှင့် ငြိစွန်းကြောင်းကို ပြောလိုကြောင်း၊ အကြမ်းဖက် ဥပဒေပုဒ်မ (၅၆) တွင် ပြဋ္ဌာန်းထားသကဲ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၇ (၁) အရလည်း ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည်ဟု ယူဆရန် အကြောင်းရှိသည့်ပစ္စည်း (သို့မဟုတ်) ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းကို ဖျက်ဆီးရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် (သို့မဟုတ်) အခြားနည်းဖြင့် ဆောင်ရွက်စေရန်ဆိုပြီး အမိန့်ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားကြောင်း၊ တစ်ချို့လည်း သိလျှက်နှင့်လုပ်နေတာရှိကြောင်း၊ တစ်ချို့လည်း လော်ဘီအနေနှင့် လုပ်ဆောင်နေတာရှိကြောင်း၊ K pay မှတစ်ဆင့် ငွေပွားပေးခြင်း၊ K pay မှတစ်ဆင့် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ယင်းသည်လည်း အဆိုပါဥပဒေနှင့် ငြိစွန်းနိုင်ကြောင်းကို ပြည်သူလူထုကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press News Agency မှ ဒေါက်တာစိုးမြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာန၌ Non CDM အဖြစ်ရပ်တည်နေသည့် ဝန်ထမ်းများကို CDM ပြန်ဝင်သည့်သူများက ပညာပြခြင်း၊ နှိပ်စက်ခြင်းများရှိကြောင်း၊ ယင်းသို့ဖြစ်နေသည်ကို ဝန်ထမ်းအချိူ့က မိမိတို့ကို အကြောင်းကြား ဆက်သွယ်လာကြောင်း၊ ယင်းနှင့်ပတ်သက်၍ အဆင့်ဆင့် တိုင်ကြားသော်လည်း ဝန်ကြီးပင် မလွန်ဆန်နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ၎င်းတို့ယူဆရသည်ဟု ပြောကြကြောင်း၊ ၎င်းကိစ္စများကိုလည်း ဝန်ထမ်းများ စိတ်ဓာတ်မပျက်ပြားအောင် မည်သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စကို ပြောပြသည့်အတွက် ကျေးဇူးတင်ပါ ကြောင်း၊ တချို့ဝန်ထမ်း အသိုင်းအဝိုင်းတွင်လည်းကြားရပါကြောင်း၊ CDM လုပ် သည့်အဖွဲ့များ ပြန်ဝင်လာသည့်အချိန်တွင် ယခင်က Non CDM အဖွဲ့များကို ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် အနှောင့်အယှက်ဖြစ်ဖွယ်ရှိသည်ကို မိမိတို့ သိရကြောင်း၊ တိကျသည်ဆိုလျှင် တိုင်ကြား၍ရကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ပြော၍ရကြောင်း၊ တချို့ဌာနဆိုင်ရာအကြီးအကဲများ ပြော၍မရပါဟု ပြောဆိုနေကြသည်ကိုလည်း ကြားသိရကြောင်း၊ ပြောလို့ရသည့် နည်းလမ်းများ ရှိကြောင်း၊ နည်းလမ်းများအတိုင်း လုပ်ဆောင်ပေးရန် ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် နိုင်ငံသားများကို အသက်အပိုင်းခြားလိုက် ထိုးပေးနေခြင်းကိုတွေ့ရကြောင်း၊ ကာကွယ်ဆေးထိုးနှံ့မှုအပေါ် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံ့ခွင့် ရရန်အတွက် တုံကင်များ ပေးထားကြောင်း၊ ထို တုံကင်ပြားများကို ဈေးကွက်စီးပွားရေး ဖော်ဆောင်ပြီး ရောင်းစားနေခြင်းများကို တွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ရိုက်ခတ်မှု၊ လုပ်ငန်းများ ပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေနည်းမှု၊ နိုင်ငံရေးပြဿနာကြောင့် ဝင်ငွေများ နည်းပါးမှု စသည့်ပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အဆိုပါပြဿာနာများအကြား  ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ၅၀၀၀ ၊ ၁၀၀၀၀ ကျပ် တောင်းစားမှုကို မိမိထံတွင် အသံဖိုင်နှင့်တကွ သက်သေရှိကြောင်း၊ အဆိုပါဖြစ်ရပ်များသည် မိမိတို့ မြန်မာနိုင်ငံတွင် အနီ၊ အစိမ်း နိုင်ငံသားအားလုံး ခံစားခွင့်ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပိုင်ခွင့်ကို ထိုကဲ့သို့ အဂတိလိုက်စားပြီး မလျော်ဩဇာသုံး၍ ဈေးကွက်စီးပွားရေးဆန်ဆန်ဖြင့် သုံးဦးလျှင် ၂၅၀၀၀ ကျပ်၊ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်၊ လင်မယားနှစ်ဦးလျှင် ၂၀၀၀၀ ကျပ်ဖြင့် တောင်းစားနေသည့် အသံဖိုင်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုကို ကောင်းစေလိုခြင်းကြောင့် လုပ်ပေးသည့်အပေါ် အကျင့်ပျက် ခြစားနေမှုများတွေ့ရကြောင်း၊ အဆိုပါ ပြဿနာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးနိုင်မည်ဆိုသည်နှင့် ထပ်မဖြစ်အောင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်သွားမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ့ခြင်း လုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြန့်ပြန့်နှံနှံရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ အပြင်  ယခင်သတင်းစ ာရှင်းလင်းပွဲများတွင်  ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ EAOs များရှိနေသည့်ဒေသများ၊ EAOs များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဒေသများအထိ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချို့ရပ်ကွက်များ၊ ကျေးရွာများအကြောင်း သတင်းထောက်၊ မီဒီယာများ ပြောပြချက်များအရ သိရကြောင်း၊ ထိုကဲ့သို့ပြောပြခြင်းကို မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ အကျုံးဝင်သည့်လူထုကို ပြန့်ပြန့်နှံ့နှံ့ထိုးရမည်ဖြစ်ကြောင်း၊ အဆိုပါဆေးထိုးမှုကို လုပ်ငန်းတစ်ခုသဖွယ် မလုပ်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး စာရင်း များကိုပြုစုထားခြင်းက ကျန်းမာရေးဝန်ကြီးဌာနနှင့် IT နည်းပညာ ကျွမ်းကျင်သူများ ပူးပေါင်းပြီး စာရင်းဇယားဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေး ဝန်ကြီးနှင့် IT နည်းပညာ ကျွမ်းကျင်သူများ ပြုလုပ်ထားသည့် စာရင်းဇယားသည်  လဝကများ၊ မြို့နယ်အခြေခံများနှင့် လုပ်ထားခြင်းကြောင့် လွှဲမှားစရာမရှိကြောင်း၊ မည်သူက အကျုံးဝင်ပြီး မည်သူထိုးရမည်ကို စာရင်းဖြင့် လာခြင်းဖြစ်ကြောင်း၊  အဆိုပါစာရင်းအတိုင်း ထိုးပေးနေခြင်းဖြစ်ကြောင်း၊ သို့သော် အထက်ပါဖြစ်စဉ်များ ဖြစ်နိုင်ခြေမရှိဟု မငြင်းပါကြောင်း၊ ဖြစ်နိုင်ခြေအားဖြင့် နည်းပါးကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် မည်သူများအကျုံးဝင်ပြီး ထိုးရမည်ဟူ၍ ရှိနိုင်ကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် အထောက်အထားများကို မိမိတို့အား ပေးခဲ့ရန်ပြောကြားလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ငန်း တစ်ခုဟု ပြောလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးအနေဖြင့် မိမိဖြေကြားသည့်အဖြေအပေါ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ့မှုလုပ်ငန်းများကို အောက်ခြေအထိ ပြန့်ပြန့်နှံ့နှံ့ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆက်လက်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်သူက မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတွင် ပြန့်နှံ့စွာ ထိုးနှံ့ရန်နှင့် မိမိရည်မှန်းချက်က  ဒီဇင်ဘာလ အကုန်တွင်  အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ  ၃၄ ဒသမ ၄ သန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဒသမ ၂ သန်းကို ထိုးနှံ့နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းကြောင့် နေ့စဉ်တစ်နိုင်ငံလုံးတွင်  ကာကွယ်ဆေး ထိုးသည့် အဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း၊  နေ့စဉ် ကာကွယ်ဆေးအရေအတွက် ၂ သိန်းမှ ၃ သိန်းကြား ထိုးနှံ့နေကြောင်း၊ မိမိတို့အနေဖြင့် များများနှင့်မြန်မြန် ထိုးခြင်းပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်သည် ယခုအခါ အသက် (၄၀) နှစ်အထိ ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကို  အုပ်စုအများကြီးဖြင့် ထိုးပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ထိုးပေးသည့်အခါ ကာကွယ်ဆေးထိုးသည့် အဖွဲ့များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို အနည်းငယ် ရှင်းပြလိုကြောင်း၊ ကာကွယ်ဆေးထိုးသည့်အဖွဲ့သည် ဌာနပေါင်းစုံက ပါရကြောင်း၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးမှ အဖွဲ့များပါရကြောင်း၊ volunteer များလည်းပါကြောင်း၊  ရပ်ကွက်တစ်ခုတွင် ကာကွယ်ဆေးထိုးမည့် စာရင်းများကောက်ပြီး စာရင်းသွင်းရကြောင်း၊ အဆိုပါ စာရင်းများသည် ကွန်ပျူတာအတွင်း ၎င်း၏ အမည်၊ အသက်၊ မှတ်ပုံတင် စသည့် အချက်များသွင်းပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးလိုက်ကြောင်း၊ အဆိုပါ လူအား ရက်စေ့လျှင် ဒုတိယအကြိမ် ကာကွယ်ဆေးလာထိုးရန်ချိန်းပြီး  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြောင်း၊ ထိုကဲ့သို့ ကာကွယ်ဆေးထိုးပြီးနောက် VMIS စနစ်ဖြင့် ထုတ်ထားသည့် ကာကွယ်ဆေးထိုးလက်မှတ်ကို ပေးလိုက်ကြောင်း၊ ထို လက်မှတ်တွင် QR Code နှင့် ၎င်း၏ အချက်အလက်များပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဌာနပေါင်းစုံက ဝိုင်းဝန်း၍ ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း၊ တက်နိုင်သလောက် သတင်းထောက်ကြီး ပြောကြားခဲ့သည့်အချက်များ မဖြစ်အောင် မိမိတို့အနေဖြင့် ကြိုးစားကြောင်း၊ သို့သော်  အဖွဲ့အစည်းအများကြီးဖြင့် ဆောင်ရွက်ရခြင်းကြောင့် တချို့နေရာများတွင် ဟာကွက်ရှိကောင်းရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း မိမိတို့အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံ့ပြီးသည့်လူဦးရေပေါင်း ၁၁ သန်းကျော်၊  တစ်ကြိမ်ထိုးနှံ့ပြီးသူ ၄ ဒသမ ၈ သန်း၊ စုစုပေါင်းလူဦရေ ၁၅ သန်း၊ ၁၆ သန်းကျော်ကို ကာကွယ်ဆေး အကြိမ်ရေပေါင်း    ၂၆ သန်းကျော် ထိုးနှံ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဆက်လက်ပြီး နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က ရှင်းလင်းသွားသည့်အချက်များသည် သတင်းအချက်အလက်များကို သိပါကြောင်း၊ ယခုတင်ပြသည့်ပြဿာနာသည် ရပ်ကွက်အတွင်း ဖြစ်နေသည့် ပြဿနာကို မေးမြန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင် ရပ်ကွက်မည်မျှရှိသည်ကို သိပါသလဲဟုမေးမြန်းရာ နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က  ရပ်ကွက်မည်မျှရှိသည်ကို မိမိအနေဖြင့် စာရင်းအတိအကျ မရှိပါကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးအား တိုင်ကြားထားသည့် ရပ်ကွက် မည်မျှရှိသလဲဟုမေးမြန်းရာ နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မိမိထံတွင် တိုင်ကြားထားသည့် ရပ်ကွက်အားလုံးပေါင်း ၁၁ ရပ်ကွက်ခန့်ရှိကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ တိုင်ကြားထားသည့် ၁၁ ရပ်ကွက် ရှိသည်မှာ ဖြစ်နိုင်ကြောင်း၊  မဖြစ်နိုင်ဘူးဟု ငြင်းနေခြင်းမဟုတ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်မည်မျှရှိသည်ထက်  တစ်နိုင်ငံလုံးတွင်မြို့နယ်ပေါင်း ၃၅၂ မြို့နယ်ရှိကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ မည်မျှရှိမည်ကို သတင်းထောက်ကြီးမှန်းကြည့်ပါ၊ ထို့ကြောင့် သတင်းထောက်ကြီးထံတွင် လာအပ်သည့် ၁၁ ရပ်ကွက်ထက်မက မသမာမှုများရှိနိုင်ကြောင်း၊ မိမိတို့အား အဆိုပါအချက် အလက်များပေးခဲ့ပါ၊ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို သတင်းထောက်ကြီး သိလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မည်မျှထောင်ချလိုက်သည်ကို သတင်းထောက်ကြီး သိလိုခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရသူမှာ ကာကွယ်ပိုင်ခွင့်ရှိသလို ၎င်းတို့က မဟုတ်ဘူး၊  အလွန်ကင်းရှင်းပါသည်ဟု မိမိပြောခြင်းမဟုတ်ကြောင်း၊ မည်သူမျှ ခြောက်ပစ်ကင်း သဲလဲစင်မရှိကြောင်း၊ ထိုကိစ္စဖြစ်နေသည့် ၁၁ ရပ်ကွက်လုံးကို ပေးခဲ့ပါရန်နှင့် ထို ၁၁ ရပ်ကွက်ထက်မက ရှိနိုင်ပါသေးကြောင်း၊  မိမိတို့အနေဖြင့် နည်းလမ်းကျနအောင် တရားဥပဒေအရ ဆောင်ရွက်ပေးမည်ဟု ပြောနိုင်ကြောင်း၊ သတင်းထောက်ကြီး လိုချင်သည့်အဖြေ “ ဘယ်လိုအရေးယူလိုက်မယ်။ ဘယ်သူကို ဖြုတ်လိုက်မယ်” ဟူ၍ ယခုနေရာတွင် ပေးရန်မဖြစ်နိုင်ကြောင်း၊ တရားဥပဒေအရဖြစ်ရမည်ဟု ပြောနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာ၏ သံဃာတော်အရှင်သူမြတ်များ မည်မျှလောက် လုပ်ကြံသတ်ဖြတ်မှုကို သတင်းထုတ်ပြန်မှုများ လုပ်သင့်ပါကြောင်း၊ မည့်သည့်အတွက်ကြောင့် သတင်းမထုတ်ပြန်သလဲ၊ ထုတ်ပြန်ရန်အတွက် အစီအစဉ် ရှိ/မရှိနှင့် နိုင်ငံရေးတွင် ဘာသာရေး အဓိကရုဏ်းဖြစ်သည်အထိ သံဃာတော်များကို ပစ်မှတ်ထား အကြမ်းဖက်သတ်ဖြတ်မှုအပေါ် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက အခြား မည်သည့်ဘာသာဝင်များကို အကြမ်းဖက်စော်ကား သတ်ဖြတ်ထားခြင်းမရှိကြောင်း၊ ယခုအခါ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခံနေရမှုအပေါ် မိမိတို့ ဗုဒ္ဓ ဘာသာလူမျိုးအနေဖြင့် တော်တော်လေးခံစားရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးမည့် အစီအစဉ်ရှိပါသလဲ၊ ဆက်ပြီးဖြစ်လာနိုင်မည့် အဓိကရုဏ်းများအတွက် သတင်းများ ကြားသိနေရကြောင်း၊ ထိုကိစ္စများမဖြစ်နိုင်အောင် မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်မည်၊ မည်ကဲ့သို့တားဆီးမည်၊ မည်ကဲ့သို့ စီစဉ်ထား သည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သံဃာတော်များ လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံပိုင်သတင်းမီဒီယာ များတွင် သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ သံဃာတော်များနှင့်ပတ်သက်ပြီး  တချို့ဘုန်းကြီးများနှင့် သံဃာတော်များ ရန်ပြုခံရမှုများရှိကြောင်း၊ လက်တွေ့ မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလုံခြုံရေး စောင့်ရှောက်မှုကာကွယ်ရေးအဖွဲ့များက စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်လာလျှင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်အနေဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ သံဃာတော်များသာမက လုပ်ကြံသတ်ဖြတ်ခံရသည့် အရပ်သား၊ ပြည်သူစာရင်းများ၊ ဝန်ထမ်းစာရင်းများကို နေ့စဉ်သတင်းစာတွင် အသေးစိတ် ဖော်ပြလျက်ရှိကြောင်း၊  နိုင်ငံခြားသတင်းမီဒီယာများကို နေ့စဉ်သတင်း အချက်အလက် အသေးစိတ် ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

97 Media သတင်းဌာနမှ သတင်းထောက် ဦးနန္ဒလင်း(ထားဝယ်)က ရုရှား -မြန်မာ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်း၊ ထိုဆွေးနွေးမှုများတွင် ပါဝင်သည့် နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုရှား-မြန်မာ နှစ်နိုင်ငံသည် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးခဲ့သည့် နိုင်ငံဖြစ်များကြောင်း၊ ယခင်ထက် စစ်ဖက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကဏ္ဍတွင် ပိုမိုများပြားသည့် အခြေအနေဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊  ပူးပေါင်းဆောင်ရွက်မှုများက ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်တွင် ရုရှား - မြန်မာအစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းရေး ဖွဲ့စည်းတည်ဆောက်မှု သဘော တူညီချက်အရ  နှစ်နိုင်ငံအကြား တတိယအကြိမ် ပူးတွဲကော်မရှင်အစည်းအဝေး  ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပရေးကို  ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တတိယအကြိမ် ပူးတွဲကော်မရှင်မတိုင်မီ  လက်ရှိ ကိုဗစ်ကာလ မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်(MERP)ပါ လုပ်ငန်းစဉ်များအရ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံ့မှုများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး နှစ်ဖက် လုပ်ငန်းရှင်များပါသည့် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဘာကျူရယ်စ်စနစ်ဖြင့် ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးဦးဆောင်၍ ရုရှားဖက်ဒေးရှင်းနိုင်ငံက သံအမတ်ကြီးနှင့် ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်ဦးစားပေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများရှိပြီး နှစ်နိုင်ငံအကြား ရှေ့ဆက်ဆောင်ရွက်မည့် မဟာဗျူဟာမူကြမ်းပါ ဦးစားပေးနှင့် ကိုက်ညီသည့် လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့်အာမခံ လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသုံးကုန်ထုတ် လုပ်ငန်း စသည့်လုပ်ငန်းများနှင့်ပတ်သက်သည့် ကဏ္ဍအသီးသီးစပ်လျဉ်း၍ အစိုးရ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့ ကုမ္မဏီများပါဝင်ပြီး အပြန်အလှန် ဆွေးနွေး နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံ့မှုပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်း အသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရုရှားဖက်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် နှစ်ဖက်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေပြီး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအတွက် စီးပွားရေး ဆွေးနွေးပွဲများကို မကြာမီ ဆက်လက်ကျင်းပသွားနိုင်ရေး တောင်းဆိုထားခြင်းကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံသစ္စာအွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦး က တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ပြည်သူများလိုလား တောင့်တကြကြောင်း၊ သို့သော် ယနေ့ဖြစ်နေသည်မှာ ဒလန်ဟု အမည်တပ်၍ လိုက်လံ သတ်ဖြတ်နေကြောင်း၊ သတင်းပေးဟု အမည်တပ် သတ်ဖြတ်နေကြောင်း၊ ထိုအထဲတွင် ကလေးသူငယ်၊ ရဟန်းများလည်းပါဝင်ကြောင်း၊ အချုပ်ပြောရမည်ဆိုပါက နေ့စဉ်နီးပါးဖြစ်နေကြောင်း၊ ထိုထက်ဆိုးသည်မှာ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးကားများပင် ဗုံးခွဲတိုက်ခိုက်ခံနေရကြောင်း၊ ပြည်သူများဘဝ မလုံခြုံ၊ မအေးချမ်းသလို ခံစားနေရကြောင်း၊ ပြည်သူများအတွက် လုံခြုံရေးကို ယခုထက် ပိုမိုကောင်းမွန်သည့် လုံခြုံရေးအစီအမံများ မည်သို့တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန်ပြောခဲ့ပြီး ဖြစ်ကြောင်း၊ ကျောင်းများကို မည်သို့မီးရှို့ခဲ့သည်၊ ကျောင်းဆရာ၊ ဆရာမများကို မည်သို့သတ်ဖြတ်ခဲ့သည်၊ ယနေ့နံနက် ၈ နာရီခွဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှေ့တွင် KIA နှင့် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်ဖြင့်လိုက်ပါလာသည့် ကျောင်းအုပ်ဆရာမ ဦးစီးသည့် ဆရာ ၂ ဦး၊ ဆရာမ ၃ ဦး၊ လမ်းဘေးတွင်ရှိသည့် ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၂ တို့ မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ထားခဲ့ရကြောင်း၊ ထိုကိစ္စများပတ်သက်ပြီး ဆောင်ရွက်ချက်များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ပြန်လည်တည် ငြိမ်အေးချမ်းသာယာလာစေရန် လုံခြုံရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အကူအညီလည်းလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး စနစ်ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအထောက်အကူပြု အဖွဲ့အစည်းများသာမက ပြည်သူများကိုယ်တိုင် ပါဝင်နိုင်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးစနစ် ဆောင်ရွက်မှုကို ယခုအချိန်တွင် အသေးစိတ် မပြောနိုင်သေးကြောင်း၊ ပိုမိုတိုးတက်လာရန် လုံခြုံရေးအဖွဲ့အစည်းပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်ကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက် ပေးကြပါဟု ပြောလိုကြောင်း၊ ယခုအချိန် ပြည်သူလူထုအနေဖြင့် လုပ်နိုင်သည့် အချက်မှာ အပြစ်မဲ့ပြည်သူလူထု၊ အပြစ်မဲ့ကလေးသူငယ်များ မသေစေရန်အတွက် အသိပေးခြင်း၊ သတိပေးခြင်း၊ သတင်းပေးခြင်းတို့ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မိမိတို့ရရှိထားသော အချက်အလက်များ၊ ထင်မြင်ချက်များကို အသိပေး၊ သတိပေး ဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံသစ္စာအွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော် ဦးက မိမိငွေကို ပြန်ထုတ်ရာတွင် ၆ ရာခိုင်နှုန်းပေးမှ ပွဲစားနှင့်ထုတ်၍ရကြောင်း၊ အကယ်၍ ရာခိုင်နှုန်းလည်းမပေး၊ ပွဲစားနှင့်လည်း မဆက်သွယ်ပါက ထုတ်၍မရကြောင်း၊ အထူးသဖြင့် KBZ ကဲ့သို့ဘဏ်မျိုးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗဟိုဘဏ်အနေဖြင့် ငွေထုတ်ရသည့်ကိစ္စ များနှင့်ပတ်သက်ပြီး ရာခိုင်နှုန်းများမယူရန်ကို စည်းကမ်းချက်များ ထုတ်ပြီးဖြစ်ကြောင်း၊ သို့သော်လက်တွေ့မြေပြင်တွင်လည်း ကြားနေရကြောင်း၊ လက်တွေ့မြေပြင်တွင် ရာခိုင်နှုန်း အချို့ပေးပြီးမှ ငွေထုတ်နေရသည်ကို ကြားနေရကြောင်း၊ ဘဏ်များမှ လက်တွေ့ ရာခိုင်နှုန်းပေး၍ထုတ်ခြင်းထက် ပါဝင်ပတ်သက်သူများဆီကတစ်ဆင့် ထုတ်ရသည်ကိုလည်း သိရကြောင်း၊ ထိုကိစ္စမျိုးတွင် ပါဝင်ပတ်သက်နေသည့် အချို့သော ဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်လက်ရှိနေဆဲဟုလည်း သိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ပြောလိုသည်မှာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်များအတိုင်း၊ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားသည်။

နိုင်ငံသစ္စာအွန်လိုင်းသတင်းအေဂျင်စီဌာနမှအယ်ဒီတာချုပ် ဦးအောင်ကျော် ဦးက လုံခြုံရေးအရ ယောက်ျား ၂ ယောက်မစီးရ၊ ရှေ့က မိန်းကလေး၊ နောက်က ယောက်ျားလေး မစီးရဟုသိရကြောင်း၊ ထိုစည်းကမ်းကို ပြည်သူများ မဖြစ်မနေ လက်ခံနိုင်ကြောင်း၊ လုံခြုံရေးစည်းမျဉ်း၊ စည်းကမ်းအရလည်း နားလည်သဘော ပေါက်ကြောင်း၊ ထိုအထဲတွင် နယ်မှ ဆိုင်ကယ်တစ်ချို့က သက်တမ်းမတိုးရသေး ကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်နေသည့်အချိန်ကစပြီး ယခုအချိန်အထိ တစ်ချို့နယ်များတွင် သက်တမ်းမတိုးရသေးသည့် ဆိုင်ကယ်များ အများအပြား ရှိနေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဆိုင်ကယ်များကို ဒဏ်ရိုက်ခြင်း၊ ပြစ်ဒဏ် ချမှတ်ခြင်းတို့ကို လျော့ပေါ့ပေးစေလိုကြောင်း၊ သာယာဝတီတွင် ထောင် ၁ လချမှတ် ခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ဖြေလျှော့ပေးလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စများနှင့်ပတ်သက်ပြီး အကြံပြုချက်များကို သက်ဆိုင်ရာသို့ တင်ပြပေးမည်ဖြစ်ကြောင်း၊ ကညနနှင့် ပို့/ဆက်တို့တွင် ဆိုင်ကယ် လိုင်စင်၊ ကားလိုင်စင်များနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိလိမ့်မည် ဖြစ်ကြောင်း၊ လက်တွေ့မြေပြင်တွင် ဖြစ်နေသည့် ဖော်ပြချက်များနှင့် ဆက်စပ်ပြီး အကြံပြု တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် မခိုင်ခိုင်ထွေးက ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်များက အလွန်များပြား နေကြောင်း၊ ထိုသို့များပြားနေခြင်းကို အိမ်စောင့်အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းရန်အတွက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ဖြည့်စွက်ခဲ့သည့် အခြေအနေအပေါ် ဥပဒေအရ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဆိုသည့် ဥပဒေကိုလည်း တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်တွင် NUG ၊ PDF ၊ CRPH အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်မှုရှိသော လူငယ်၊ လူရွယ်များကို ၎င်းတို့၏ မိဘများက သတင်းစာများတွင် သားသမီးအဖြစ် အမွေပြတ်စွန့်လွတ်ခြင်းဆိုသည့် ကြေညာမှုများကို ယခု လတ်တလောတွင် မကြာခဏဆိုသလို တွေ့မြင်နေရကြောင်း၊ မိမိသိလိုသည်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ မိဘများက သားသမီးများကို အမွေပြတ် စွန့်လွတ်ကြောင်း သတင်းစာများတွင် ကြေညာလိုက်ရုံဖြင့် အမွေဆက်ခံခွင့် ဆုံးရှုံးပြီးလား၊ တရားဥပဒေအရ အကျုံးဝင်ပြီလားဆိုသည်ကို အကျယ်တဝင့် ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရက်ပိုင်း သတင်းစာများတွင် အမွေပြတ် ကြေညာခြင်းများ တော်တော်များများတွေ့ရကြောင်း၊ Online Media ပေါ်တွင်လည်း ထိုသို့ အမွေဖြတ်ကြေညာသည်ကို ကြိုတင်ကာကွယ်ခြင်းပုံစံဖြင့် လုပ်သည်ဟူ၍လည်းတွေ့ရကြောင်း၊ ဥပဒေကြောင်းအရ တရားမဝင်ကြောင်း၊ သတင်းစာ၌ ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်လည်း မဆုံးရှုံးဟုသိရကြောင်း၊ တရားရုံးတွင် သွာနုတ္တသားသမီးအဖြစ် လျှောက်ထားပြီး တရားရုံးက ဆုံးဖြတ်မှသာ တရားဝင်နိုင်သည်ဟု ဥပဒေကြောင်းအရ သိရှိရကြောင်း၊ သတင်းစာထဲတွင် ထိုသို့ထည့်ထားပြီး အကြမ်းဖက်သမားများကို တိုက်ရိုက်၊ သွယ်ဝိုက်၊ အားပေးထောက်ပံ့နေပါကလည်း သက်ဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း၊ NUG ၊ PDF ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် ရှောင်တိမ်းသွားသူများက ကိုယ်တိုင်အဓိကကျကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သွေးထိုးလှုံ့ဆော်မှုကြောင့် ရှောင်တိမ်းသွားသူများ၊ ထွက်သွားသူများနှင့်ပတ်သက်ပြီး ယေဘုယျအားဖြင့် ရာဇဝတ်များ ကျူးလွန်ခြင်းမရှိပါက ၎င်းတို့ ပြန်လာနိုင်ကြောင်း၊ လက်ခံနိုင်ကြောင်းကို နေ့စဉ်ကြေညာပေးနေကြောင်း၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း၊ ဥပမာ ဖြိုးဇေယျာသော်တို့ လုပ်ဆောင်ခဲ့သည့် ရန်ကုန်အကြမ်းဖက်အဖွဲ့၏လက်အောက်ခံ STF အဖွဲ့တွင် လူငယ်များကို ဖောင်များပေးထားကြောင်း၊ ထိုဖောင်များကို သတင်းစာ ရှင်းလင်းပွဲပြီးပါက ပြသသွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာပေး၍ ၎င်းတို့အဖွဲ့အဖြစ် သိမ်းသွင်းကြောင်း၊ သိမ်းသွင်းရာ တွင် ဖောင်ဖြည့်ပြီးပါက NUG ၊ PDF ၊ CRPH အဖွဲ့များ၏ ခိုင်းစေချက်အတိုင်း လိုက်လံလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုလူငယ်များ ဥပဒေဘောင်အတွင်း ပြန်ဝင်လိုသော်လည်း ထိုဖောင်ထဲတွင် မိဘအမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်များ ပါဝင်နေကြောင်း၊ တစ်ချို့လူငယ်များက မှားမှန်းသိ၍ ဥပဒေအရ အရေးယူမခံရမီ ပြန်ဝင်ချင်ပါက ၎င်းတို့၏မိဘများကို တိုက်ရိုက်ခြိမ်းခြောက်ကြောင်း၊ စစ်ကိုင်းဘက်ရှိ တစ်ချို့ရွာများ၌ PDF အကြမ်းဖက်အဖွဲ့များက လူငယ်အကုန်လုံးကို မဖြစ်မနေ PDF ထဲသို့ဝင်ရမည်ဟု ဆွဲသွင်းပြီး မလုပ်ဘူးဆိုပါက “မင်းနဲ့ မင်းမိသားစုကို ဒလန်အဖြစ် ကြေညာမယ်” ဆိုပြီး လုပ်ဆောင်ခဲ့မှုများရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲမျိုးလည်း တွေ့ရကြောင်း၊ သို့သော် ကိုယ်တိုင်သာ အဓိကကျကြောင်း၊ ရှောင်တိမ်းနေသူများ၊ လမ်းမှားရောက်နေသည့်သူများ ကိုယ်တိုင်သာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိပါက ပြန်လည်ဝင်ရောက်၍ရကြောင်း၊ ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

ONE News သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က လက်ရှိ တွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေသလို ကာကွယ်ဆေးများလည်း ရောက်ရှိလာသည်ကို တွေ့ရကြောင်း၊ နောက်ထပ် မည်မျှထပ်ရောက်ရန် ရှိပါသေး သလဲ၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို Booster ထိုးနှံပေးရန် အစီအစဉ် ရှိ/မရှိ၊ မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်းမည်မျှကို ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထား မှုတို့ကို ဖြည့်စွက်၍ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

 

mdn

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ၄၁ သန်းကျော် ‌‌ရောက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ၂ သန်းလည်း ရောက်မည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူလရည်မှန်းချက်သည် အကျုံးဝင်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်ကုန်တွင် ထိုးနှံပြီးမည် ဖြစ်သည့်အတွက် လိုအပ်သည့် ဆေးများကိုလည်း ထပ်မံမှာယူ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ Booster ထိုးနှံခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့မှုရှိကြောင်း၊ စက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ဆေးသွင်းနိုင်ရန်၊ ပုလင်းသွင်းနိုင်ရန်တို့အတွက် ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရသည့် အဓိကရည်မှန်းချက်သည် ယခင် ကိုဗစ်နှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုအစည်းအဝေးတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုရောဂါသည် အရှင်းပျောက်သွားမည့် ရောဂါမဟုတ်ကြောင်း၊ ဆေးများကိုထိုးနှံရန် လိုအပ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်းမှာသာ ထုတ်နိုင်ရန် ဆောင်ရွက်မည်ဟုဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေရှည်စီမံချက်ဖြင့်လုပ် နေခြင်းဖြစ်သည့်အတွက်ကြောင့် ထိုလုပ်ငန်းများ အားလုံးပျံ့နှံ့၍ တစ်နိုင်ငံလုံးထိုး ပြီးသွားသည့်အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများပါ ထိုးနေပြီး နောက်ပိုင်းတွေ့ရှိ ချက်များအရ တစ်နိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက မေးမြန်းခြင်းနှင့် ဖြေကြားခြင်း ၃ မိနစ်ကျော်ကျော်ခန့်သာ ကြာမည်ဖြစ်ပြီး ကျေးဇူးပြု၍ လေးလေး နက်နက် သုံးသပ်ပေးစေလိုကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲအခြေအနေနှင့် မီဒီယာသမားများ မေးမြန်းသွားသည့် မေးမြန်းချက်များကိုကြည့်ပါက မိမိတို့နိုင်ငံသည့် လူငယ်လူရွယ်များဖြစ်သည့် ပထမမျိုးဆက်များ၊ ၎င်းတို့၏ မိဘများဖြစ်သည့် ဒုတိယ မျိုးဆက်များ မှန်ကန်သည့် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံရေးစိတ်ဓာတ်များ၊ အသိတရားများ ကင်းမဲ့ကုန်၍ တော်တော်များများ ပျက်စီးကုန်ကြောင်း၊ နောက်ဆုံးမျိုးဆက် ဟုခေါ်ရမည့် အနာဂတ်လူငယ်များ ယခုကဲ့သို့ လမ်းလွဲသို့မရောက်ရန်၊ မပျက်စီးရန်လိုကြောင်း၊ မျိုးဆက်နှစ်ဆက်လောက် ပျက်စီးခဲ့သည့်၊ မစစ်မှန်သည့် အမျိုးသားရေး၊ နိုင်ငံချစ်စိတ်နှင့် နိုင်ငံရေးအသိများကြောင့် ဖြစ်ခဲ့ရသည်မှာ ယခုလက်ရှိ နိုင်ငံသားများသည် မည်သည့်နိုင်ငံဖြစ်စေ၊ တိုင်းပြည်ကိုအုပ်ချုပ်နေသော မည်သည့်အစိုးရ မဆို မျက်စိစုံမှိတ်ပြီး အလုံးစုံ ထောက်ခံနေရန် မဟုတ်ကြောင်း၊ မိမိနိုင်ငံအပေါ် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံရေးအသိအမြင်များ၊ အမျိုးသားရေးခံယူချက်များ ရှိမှသာ နိုင်ငံ၏အနာဂတ်က ကောင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစွန်းမရောက်သည့် စိတ်ဓာတ်များ ရှိရန်လိုအပ်ကြောင်း၊ အစွန်းမရောက်သည့် စိတ်ဓာတ်ဆိုသည်မှာ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်း စသည့်ဝါဒများဖြင့် မမှန်ကန်နိုင်ကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာ၏ စစ်မှန်သောလမ်းစဉ်ဖြစ်သည့် အရှိကိုအရှိအတိုင်း၊ ပဂတိအတိုင်းမြင်နိုင်သည့် ဝိဘဇ္ဇဝါဒသာလျှင် မှန်ကန်မည့်လမ်းစဉ်ဖြစ်ကြောင်း၊ ထိုဝါဒသည် Universal Truth ဟုခေါ်သည့် သစ္စာတရားသာဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ အနာဂတ်ကာလတွင် နည်းမျိုးစုံဖြင့်စည်းရုံးပါက လမ်းလွဲသို့ အရောက်မလွယ်ရန်၊ တိုင်းပြည်မပျက်စီးရန်အတွက် ပညာရေးနယ်ပယ်ကို လူငယ် ၉၀ ရာခိုင်နှုန်းက ဖြတ်သန်းပြီးနေကြရကြောင်း၊ ထို့ကြောင့် ကျောင်းများသည် Political Science ဟုခေါ်သည့် နိုင်ငံရေးကို လက်တွေ့ကျကျ အမှန်အတိုင်း သိမြင်နိုင်သော နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အမှန်တရားကို ဖော်ထုတ်နိုင်သော ဗုဒ္ဓထေရဝါဒ ၏ ဝိပစ္စဝါဒများကို သင်ပေးနိုင်သည့် ဗုဒ္ဓဘာသာ အခြေခံသဘောတရားများကို ပညာရေးဌာနများ၏ ကျောင်းများ၌ နောင်အနာဂတ်တွင် ဖြည့်သွင်း၍ သင်ကြား ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတိုင်း၊ နိုင်ငံတိုင်း ဘာသာရေးနှင့်ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းထဲ ထည့်/မထည့်ကို မြန်မာနိုင်ငံ အနေဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုဟု ပြောမည်ဆိုပါက ဗုဒ္ဓဘာသာနှင့်ကင်း၍မရကြောင်း၊ သင်ခန်းစာများတွင် ထိုက်သင့်သလောက် အငွေ့အသက်များပါပြီးဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာ ကဗျာများကို ကြည့်မည်ဆိုပါက ရှေးဟောင်းကဗျာအများစုသည် သေချာလေ့လာ ကြည့်ပါက ၁၀ ပုဒ်၌ တစ်ဝက်နီးပါးခန့်သည် ဘာသာရေးအငွေ့အသက်၊ ဗုဒ္ဓဘာသာ အငွေ့အသက် ပါပြီးဖြစ်ကြောင်း၊ တစ်ဝက်ခန့်သည် ကျေးလက် အငွေ့အသက်ပါပြီး ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ထပ်မံ၍ပြဋ္ဌာန်းရန်အတွက် သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းအဖွဲ့များက ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို သွားသည်ဟုပြောကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ပန်းပေါင်း ၁၀၀ ပွင့်ပါစေ ဟုဆိုသော်လည်း ဒီမိုကရေစီသည် ပန်းခုတ်ပွဲလုပ်နေခြင်းမဟုတ်ကြောင်း၊ ပန်းပေါင်း ၁၀၀ ပွင့်ပါစေဖြစ်သည့်အတွက်ကြောင့် မျိုးစုံရှိလိမ့်မည်ဖြစ်ကြောင်း၊ ပွင့်လာသည့် ပန်းများက လှရန်နှင့် အဆိပ်မဖြစ်ရန်သာ လိုကြောင်း၊ ဘယ်ပန်းပင်ကို မပွင့်စေနှင့်၊ ဘယ်ပန်းကိုမူခုတ်စေဟု ဒီမိုကရေစီစနစ်၌ ဆုံးဖြတ်၍မရကြောင်း၊ သတင်းထောက်ကြီး ပြောသည့်အတိုင်း အစွန်းရောက်များရှိကြောင်း၊ ဒီမိုကရေစီကို အနှစ်ချုပ်လိုက်ပါက “မတည့်အတူအနေ” သည့် ဝါဒဖြစ်ကြောင်း၊ မီဒီယာများနှင့်မိမိ မတည့်ပါကလည်း အတူနေနိုင်ရမည်ဖြစ်ကြောင်း၊ မည်သူနှင့်မည်သူ မတည့်ပါကလည်း အတူနေနိုင် ရမည်ဖြစ်ကြောင်း၊ မိမိတို့ သွားရန်ရည်မှန်းထားပါက “ပန်းပေါင်း ၁၀၀ ပွင့်ပါစေနှင့် မတည့်အတူနေ” စသည်တို့ အလေးထားရမည်ဖြစ်ကြောင်း၊ ထိုစနစ်ကို ကျင့်သုံးမည်ဟု ရည်မှန်းထားပါက ထိုစနစ်နှင့်ကိုက်ညီသော စိတ်ထားများ ရှိရမည်ဖြစ်ကြောင်း၊ ဤစနစ်နှင့်ကိုက်ညီသော စိတ်ထားများတွင် သတင်းထောက်ကြီးပြောသည့် အချက်များလည်း အကျုံးဝင်လာမည် ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်တို့ကို ယေဘုယျသာ ဖြေကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက ၂၀၁၇ ခုနှစ် မှစပြီး ပညာရေးဝန်ထမ်း တော်တော်များများ ယခင်ပညာရေးဝန်ကြီးလက်ထက်၌ မဖြစ်စလောက် အပြစ်လေးနှင့် မမှန်မကန်အ ရေးယူခံရသောဝန်ထမ်းများ အများအပြား ရှိကြောင်း၊ ထိုဝန်ထမ်းများသည် နိုင်ငံကိုချစ်သည့်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အနစ်နာခံ၍လုပ်ခဲ့သော ဝန်ထမ်းများရှိကြောင်း၊ တချို့ဆိုလျှင် လုပ်ငန်းခွင်ထဲ၌ ကိုယ်အင်္ဂါများ ချို့ယွင်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုကဲ့သို့ မမှန်မကန် အရေးယူခံခဲ့ရသည့်အတွက်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာ တရားမလျှောက်ထားမှုဖြင့် တင်သည့်အချိန် လျှောက်ထားသူ၏ ခိုင်မာမှန်ကန်သော အထောက်အထားများကြောင့် ယခင်ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ထုတ်ထားသောအမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် နိုင်ငံတော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုယ်တိုင် ကြားနာစစ်ဆေး၍ ပညာရေးဝန်ကြီး၏ အမိန့်အားလုံးကို ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့်ကြောင့် ဝန်ထမ်း တချို့မှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ဝင်ရောက်ရာတွင် မကျေနပ်၍ အကြောင်းမရှိ အကြောင်းရှာပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးကာ ယခင်လိုပဲလုပ်ခဲ့ကာ မတရားအရေးယူခဲ့ကြောင်း၊ ထိုကဲ့သို့အရေးယူမှုများကို လက်ရှိ တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ကြီးဌာန၏ အကြီးအကဲတချို့ပင်လျှင် ဒေါက်တာမျိုးသိမ်း လက်ထက်က အရေးယူခံခဲ့ရခြင်းများရှိကြောင်း၊ ထိုအတွက် နစ်နာလွန်းနေသည့် မိသားစုများ၊ ၎င်းတို့ကိုမှီခိုနေသည့် မိသားစုများ ဘဝပျက်ခဲ့ ရသလို သေလုမျောပါး နစ်နာခဲ့ရကြောင်း၊ ထိုနစ်နာမှုများကို တာဝန်ရှိသူများ အနေဖြင့် မည်ကဲ့သို့ ကူညီဖေးမနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုဖြစ်စဉ်များကို မိမိတို့လည်း ကြားဖူးခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး နစ်နာသူဘက်က ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြပြီး ဆောင်ရွက်နိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် NUG ၊ PDF အဖွဲ့များ၏ လက်နက်ခဲယမ်းများနှင့် ၎င်းတို့ကို ဖမ်းဆီး ရမိမှုများကို ဆက်တိုက်တွေ့နေရကြောင်း၊ အထူးသဖြင့် “၈၈ ပွင့်လင်း” က ဂျင်မီကို မထင်မှတ်သောနေရာမှ လက်နက်အမြောက်အများဖြင့် ဖမ်းမိကြောင်း၊ တစ်ပတ်၊ နှစ်ပတ်အကြာတွင် NLD ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးဟုပြောရမည့် NLD ဗဟိုကော်မတီအဆင့်၊ လွှတ်တော်အမတ် ၂ ကြိမ်ဖြစ်ခဲ့ဖူးပြီး NLD ပါတီကို ကိုယ်စား ပြုသည့် ဖြိုးဇေယျာသော်ကို လက်နက်အမြောက်အများဖြင့် ဖမ်းမိကြောင်း၊ ဖမ်းမိသည့် လက်နက်များသည့် မိမိတို့ဘဝတွင် မြင်ခဲ့ဖူးသော ဗကပ အနောက်ပိုင်းတိုင်း ရခိုင်ပြည်နယ်၊ သရက်ခရိုင်၌ လက်နက်ချခဲ့သည့် ဗိုလ်သက်ထွန်းတို့ လက်နက်ချစဉ်က အရှေ့တွင်ခင်းထားသော လက်နက်များက ဇေယျာသော်ကို ဖမ်းမိစဉ်ရရှိသည့် လက်နက်ကို မမီကြောင်း၊ ထိုမျှမများကြောင်း၊ ခွန်ဆာတို့ မော်ထိုင်းအာမီ လက်နက် ချသည့် လက်နက်ပမာဏခန့်ကို CRPH ၊ NUG ၊ PDF တို့မှ ဖမ်းမိသလောက်ရှိနေကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်တာဝန်ယူထားချိန်မှစ၍ CRPH ၊ NUG ၊ PDF တို့မှ ဖမ်းမိထားသော လက်နက်အရေအတွက် မည်မျှရှိပါသလဲ၊ ဖမ်းမိထားသော အကြမ်းဖက်များ၊ မဖမ်းမိသေးသော အကြမ်းဖက်များကို မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ မိမိတို့ဘဝတွင်မမြင်ဖူးသည့် ခေတ်မီ တူရကီ၊ အမေရိကန်လက်နက်များ အမြောက်အများမိပြီး၊ တပ်မတော်တွင် တပ်မတစ်ခု ထပ်တိုးချဲ့ဖွဲ့စည်း၍ရလောက်အောင် များပြားသည့်လက်နက်များ ရန်ကုန်၊ မန္တလေး မြို့များထဲသို့ ရောက်လာသည်မှာ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများကို ပြည်သူများက သိလိုကြောင်းနှင့် ထိုအကြောင်းအရာများကို ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့စာရင်းပြုစုထားသည်မှာ ဖေဖော်ဝါရီ      ၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိလက်နက် (လုပ်သေနတ်မပါ) ၁၄၁၂ ရှိကြောင်း၊ လုပ်သေနတ်၊ ဘောပင်သေနတ်၊ တူမီး သေနတ်များပါဝင်ပါက ၆၀၈၇ လက်ရှိကြောင်း၊ ကျည်မျိုးစုံ ၁၅၀၀၀ ခန့်ရှိကြောင်း၊ လက်ပစ်ဗုံးမျိုးစုံ ၂၄၅၉ လုံး၊ လက်လုပ်မိုင်း၊ ဗုံးမျိုးစုံ ၃၀၀၀ ကျော်ခန့်ရှိကြောင်း၊ NUG ၊PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ NLD အစွန်းရောက် အဖျက်သမားများ၊ တချို့ EAOs များအပါအဝင် ထိုလက်နက်များကို အသုံးချ၍ နိုင်ငံအတွင်း၌ ပစ်ခတ်သတ် ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက်များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒလန်တံဆိပ်တပ်၍ တွေ့ရာလူကို သတ်နေခြင်းများ၊ NLD အားပေး ထောက်ခံသူများအချင်းချင်းလည်း သတ်ဖြတ်၍ ဒလန်တံဆိပ် ကပ်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့အသက်၊ အိုး၊ အိမ်၊ စည်းစိမ် လုံခြုံရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဖော်ထုတ်တားဆီးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာနှုန်းပြည့်တားဆီးရန် အခက်အခဲရှိကြောင်း၊ တင်သွင်းမှုနှင့်ပတ်သက်၍ ယုတ်မာကောက်ကျစ်သော အကြံအစည်ဖြင့် ကိုဗစ်ကာလ၌ ဖြေလျော့ပေးမှုကို အခွင့်ကောင်းယူ၍ အောက်စီဂျင် အိုးများထဲ၌ ထည့်လာခြင်းများ၊ အခြားနည်းလမ်းများလည်း ရှိမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံအချို့၏ အကြမ်းဖက်အဖွဲ့များကို အားပေးနေမှုများ၊ လှူဒါန်း ထောက်ပံ့နေမှုများ ရှိကြောင်း၊ အဆိုပါသေနတ်များ၊ ထောက်ပံ့ငွေများသည် ပြည်ပနိုင်ငံများက ထောက်ပံ့မှုများရှိကြောင်း၊ ထို့နောက် စာချုပ်ရောင်းဝယ်မှုများကို မည်သူက ဝယ်မည်ကို သိသာကြောင်း၊ အမည်ခံ၍ ငွေမည်းကို ငွေဖြူလုပ်ခြင်းဖြစ်ကြောင်း၊ တစ်ချို့လက်နက်များသည် အသစ်စက်စက်များဖြစ်ကြောင်း၊ နည်းလမ်း ၂ မျိုးဖြင့် ရရှိခြင်းဖြစ်ပြီး နံပါတ်(တစ်)က ဝယ်ယူခြင်း နည်းလမ်း၊ နံပါတ် (နှစ်) နည်းလမ်းက တချို့လက်နက်များက K-12 ကဲ့သို့ လက်နက်မျိုးက လက်နက်စက်ရုံကထုတ်သည့် မူရင်းအတိုင်းကို ရရှိခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများကို တားဆီးရန်အတွက် နိုင်ငံ့ကောင်းကျိုးနှင့် တည်ငြိမ်အေးချမ်းအောင် လိုလားသည့် ပြည်သူလူထုက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တတ်နိုင်သမျှ အကူအညီပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်းဆက်လက် ဖော်ထုတ်ခြင်း၊ သတင်းနှင့်ပတ်သက်ပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဖမ်းမိသည့် လက်နက်အရေ အတွက်ကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် မည်မျှအထိ အန္တရာယ်များနိုင်သည်ကို ပြောလိုကြောင်း၊ နောက်ပိုင်းတွင် အသုံးပြုလာသော လက်နက်များဖြစ်သည့် TNT ယမ်းနှင့်ပတ်သက်ပြီး ပြောပြရမည် ဆိုပါက Trinitrotoluene သည် ပြင်းအား မြင့်သည့် ဖောက်ခွဲရေးပစ္စည်းဖြစ်ကြောင်း၊ မိမိတို့လက်တွေ့သုံးနေသည့် ဖောက်ခွဲရေး ပစ္စည်းများထဲ၌ ပြင်းအားအမြင့်ဆုံး ယမ်းများဖြစ်ကြောင်း၊ ထိုပစ္စည်းများဖြင့် လုပ်ဆောင်ရန်အထိ အကြံအစည်ရှိပြီး၊ စုဆောင်းထားပြီးဖြစ်ကြောင်း၊ မည်မျှမိသည် ကိုလည်း ပြောပြီးဖြစ်ကြောင်း၊ ယခု ခန်းမအတွင်းပြသထားသော ပုံများကိုကြည့် မည်ဆိုပါက ထင်ရှားစွာသိမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ပြောလိုသည်မှာ အကြမ်းဖက်သမားများကို အားမပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို အားပေး မည်ဆိုပါက အချင်းချင်းသတ်ဖြတ်သကဲ့သို့ တရားမဲ့သတ်ဖြတ်မှုများ ဖြစ်လာနိုင်ပြီး ကြိုတင်၍ကာကွယ်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး သူရိယနေဝန်းဂျာနယ် မှ CEO ဦးမိုးဟိန်းက ၁၉၄၈ ခုနှစ် ဗကပများ တောခိုသည့်အချိန်တွင် ကိုင်ဆွဲသည့် လက်နက်ပမာဏထက် NUG ၊ PDF လက်နက်ကိုင်သောင်းကျန်းမှုက အဆများစွာပိုများနေကြောင်း၊ ဇေယျာသော်ကဲ့သို့ NLD အမတ်များ၊ အခြားမြို့နယ်များတွင်လည်း NLD အမတ်များ ပါဝင်တိုက်ခိုက် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်နေသည့် လှုပ်ရှားမှုများသည် NLD ပါတီက လက်နက်ကိုင် တော်လှန်နေပြီလားဟု ယူဆ၍ရပါသလား၊ NLD ပါတီက လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်ကို တရားဝင်ဆင်နွဲနေသည့်ပါတီဟု ကြေညာ၍ရနိုင်ပြီလားကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ရှိဖြစ်ပျက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အများစုက ပါဝင်ပတ်သက်မှုရှိကြောင်း၊ တစ်ချို့ NLD ပါတီဝင်များထဲ၌ ဗဟိုကော်မတီဝင် တစ်ချို့အပါအဝင် ငြိမ်းချမ်းစွာနေလိုသည့် ဆန္ဒရှိသောသူများရှိကြောင်း၊ အနည်းစုဖြစ်ကြောင်း၊ ရွေးချယ်ခံထားသည့် ကိုယ်စားလှယ်များထဲ၌လည်း ဒီမိုကရေစီသည် အကြမ်းဖက်နည်းလမ်းဖြင့် မရနိုင်ဘူး၊ အကြမ်းမဖက်သည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ကို ယုံကြည်၍ ယခုအချိန်အထိ ရှိနေသည့် လူများလည်း ရှိသေးသည်ကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြား သည်။

Myanmar National Post မှ အယ်တီတာချုပ် နောင်တော်လေးက ရန်ကုန်မြို့တွင် ဖြိုးဇေယျာသော်နှင့် NLD ၊ ၈၈ အစွန်းရောက်အကြမ်းဖက် သာသနာဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီက ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်ကို ဖမ်းဆီးပေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခင်က ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် လူသတ်မှုများ ကြားရပါကြောင်း၊ ၎င်းတို့ကို ဖမ်းပြီးနောက် အသံတိတ်သွားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ဖြိုးဇေယျာသော်က လက်နက်များပေးပြီး လိုက်လံသတ်ဖြတ် လုပ်ကြံခိုင်းခဲ့သည်များ ရှိပါကြောင်း၊ ထိုသို့ လိုက်လံလုပ်ကြံ သတ်ဖြတ်ခိုင်းမှုပေါင်း မည်မျှရှိသည်၊ ဖြိုးဇေယျာသော်၏ ခိုင်းစေမှုကြောင့် အပြစ်မဲ့ပြည်သူသေဆုံးမှုပေါင်း မည်မျှရှိသည်၊ ဖြိုးဇေယျာသော်ကို အပြစ်မဲ့သေဆုံးရသူများအတွက် ဥပဒေနှင့် ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်ပေးသွားမည်လား ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းအနေဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်မှုနှင့် နောက်ကွယ်မှ လက်နက်ပေးပြီး မည်သူကိုသတ်ဟူ၍ ပါဝင်ပတ်သက်မှုများရှိကြောင်း ပြောကြားပြီးနောက် ဖြိုးဇေယျာသော်၏ မှတ်စုစာအုပ်များကိုပြသသည်။ အနည်းဆုံး ၎င်းပါဝင်ပတ်သက်သည့် အမှုပေါင်း ၂၆ မှုရှိကြောင်း၊ အနည်းဆုံးသာပြောခြင်းဖြစ် ကြောင်း၊ ထပ်မံဖော်ထုတ်လျက်ရှိကြောင်း၊ ယင်းစာအုပ်ထဲတွင် ၎င်းတို့လုပ်ခဲ့သည်များ အသေးစိတ်ပါကြောင်း၊ မည်သို့လုပ်ဆောင်မည်ဟူ၍ အသေးစိတ်ပါကြောင်း၊ ၎င်း စာအုပ်ထဲတွင် လက်လုပ်မိုင်းပြုလုပ်သည့်နေရာတွင် မည်သို့လုပ်ရမည်ဟုပါကြောင်း၊ ထို့ကြောင့် ပြောလိုသည်မှာ အကြမ်းဖက်သမားဖြစ်ရုံသာမက အကြမ်းဖက်လုပ် ဆောင်သူ၊ အကြမ်းဖက်ခေါင်းဆောင်ဖြစ်ကြောင်း၊ ဥပဒေအရ ထိရောက်စွာဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး Myanmar National Post မှ အယ်တီတာချုပ် နောင်တော်လေးက NLD ၊ PDF အစွန်းရောက်အကြမ်းဖက် သာသနာဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၃ ပါး သေဆုံးခဲ့ရပါကြောင်း၊ ၎င်းအကြမ်းဖက်သမားများ၏ နောက်ကွယ်တွင် ဘာသာခြားအဖွဲ့အစည်းများ ရှိနေပါသလား၊ သံဃာတော်များကို သတ်ဖြတ်သည့် အကြမ်းဖက်သမား မည်မျှအတိုင်း အတာအထိ ဖမ်းမိထားပါလဲ၊ PDF အဖွဲ့ဝင်များကို မိဘများက အမွေပြတ် စွန့်လွှတ် နေပါကြောင်း၊ အမွေပြတ်စွန့်လွှတ်ပြီးလျှင် ၎င်းတို့သည် ဥပဒေကြောင်းအရ အရေးယူမခံရတော့ဘူးလား ဆိုသည်ကိုလည်း သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သံဃာတော်များ သတ်ဖြတ်မှုတွင်ပါဝင်သည့် တချို့တရားခံများကို မိပြီးဖြစ်ကြောင်း၊ ၅ ဦးခန့်မိပြီးပြီဟု သိရပါကြောင်း၊ စာရင်း အတိအကျ မသိရသေးကြောင်း၊ လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း၊ နောက်ကွယ်က ပါရှိမှုအနေဖြင့် သိရသလောက် သံဃာတော်များကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်မှုများ ရှိကြောင်း၊ နောက်ကွယ်က အခြားအဖွဲ့အစည်းပါဝင်မှု ယခုချိန်ထိ ထင်ရှားစွာ တွေ့ရှိခြင်းမရှိကြောင်း၊ အမွေပြတ် ကြေညာခြင်းနှင့်ပတ်သက်ပြီး ဥပဒေကြောင်း အရ တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီးမှ တရားဝင် ဖြစ်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ ခိုလှုံခွင့်ပေးထားသည့် အဆောက်အဦများ၊ မည်သူပင် ဖြစ်စေ အကြမ်းဖက်သမားဟု သတ်မှတ်ထားသည့် အဖွဲ့ဝင်ဖြစ်ပါက မည်သည့်အိမ်တွင် နေသည်ဖြစ်စေ ၎င်းသည် အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကြမ်းသမားများကို ခိုလှုံခွင့်ပေးထားသည့် အဆောက်အဦများနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ခန်း ငှားရမ်းနေပြီး အကြမ်းဖက်မှုကျူးလွန်ကြောင်း ဖော်ထုတ်ရရှိလျှင် နေအိမ်တိုက်ခန်း ငှားရမ်းစဉ် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်း တိုင်ကြားထားခြင်းမရှိကြောင်းကို စစ်ဆေးတွေ့ရှိရလျှင် ငှားရမ်းသည့် ပိုင်ရှင်များမှာ တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်သည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများဖြင့်ဆက်စပ်၍ သက်သေခံ အဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်းကို အသိပေးထားပါကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post အယ်ဒီတာချုပ် နောင်တော်လေးက ကြား ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်သည့် အကြမ်းဖက်လှုပ်ဆော်သူတစ်ဦးကို လူသားချင်းစာနာမှုအနေဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းရှိကြောင်း၊ NLD ၊ PDF အစွန်းရောက် အကြမ်းဖက်များ၏ နောက်ကွယ်တွင် အကြမ်းဖက်အားပေးလုပ်နေသည့် အမေရိကန်နိုင်ငံသည် ယင်းနိုင်ငံတွင် လက်ခံထားသည့် NLD ၊ ၈၈ က အကြမ်းဖက်လှုံ့ဆော်သူ အကြမ်းဖက် ခေါင်းဆောင်များကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန်ရှိ/မရှိ၊ ဗိုလ်ချုပ်တို့ ဘက်က တောင်းဆိုထားခြင်းရှိ/မရှိ သိလိုပါကြောင် မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL) ၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းများရှိကြောင်း၊ ကုလသမဂ္ဂတွင်လည်း ရှိကြောင်း၊ အာဆီယံတွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များရှိကြောင်း၊ အားလုံးအကြောင်းကြားထားကြောင်း၊ ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်း သည် ၎င်းတို့၏ ဥပဒေနှင့်အညီ နိုင်ငံကြီးသား၊ နိုင်ငံကြီး ပီသမှုရှိ/ မရှိသည် ၎င်းတို့၏ လုပ်ဆောင်မှုတွင်သာ မူတည်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post အယ်ဒီတာချုပ် နောင်တော်လေးက ပညာရေး ဝန်ထမ်းများထဲတွင် အကြမ်းဖက်လှုံ့ဆော်သူများနောက်ပါပြီး CDM လုပ်သူများ လည်းရှိကြောင်း၊ CDM မလုပ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများရှိကြောင်း၊ ဆရာ၊ ဆရာမ များ၏ ရာထူးတိုးကိစ္စများ ပညာရေးဝန်ကြီးဌာနတွင် အစီအစဉ်ရှိပါကြောင်း၊ ရာထူး တိုးအစီအစဉ်တွင် ကြန့်ကြာနေသည်ဟု ဆရာ၊ ဆရာမများထံမှ ကြားသိရပါကြောင်း၊ မည်သို့အစီအစဉ်ရှိသည်ကို ပညာရေးဝန်ကြီးဌာနက ဖြေ၍ရလျှင် ဖြေပေးစေလိုပါကြောင်း မေးမြန်းသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာထူးတိုးများ စီစဉ်နေကြောင်း၊ ရာထူးတိုး ကြန့်ကြာခြင်းမှာ သတ်မှတ်နှစ် မပြည့်သေး၍သာဖြစ်ကြောင်း၊ ပြည့်လျှင် လျာထားပါကြောင်း၊ Non-CDM များ အပြစ်မရှိလျှင်၊ သတ်မှတ်ကာလပြည့်လျှင် အကုန်ပေးပါကြောင်း၊ တချို့ နှစ်မပြည့်သေး၍ မရသေးခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

Myanmar Nation သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အာဆီယံ၏ ဘက်လိုက်မှုအပေါ်တွင် ထိထိရောက်ရောက် ရဲရဲဝံ့ဝံ့တုန့်ပြန်ခဲ့သည့် နိုင်ငံတော် ကြီးအကဲနှင့်တကွ နိုင်ငံခြားရေးဝန်ကြီးအား Myanmar Nation မီဒီယာမှ လေးစားစွာ ဂုဏ်ပြုဦးညွှတ်ကြောင်း ဦးစွာပြောလိုပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး အဓိကထား ဆောင်ရွက်နေကြောင်း၊ တိုးတက်အောင် ဆောင်ရွက်နေကြောင်းကို ဗိုလ်ချုပ်ပြောကြားသွားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့်တကွ နိုင်ငံတော်ဖွံ့ဖြိုးရန် လျှပ်စစ်သည် အဓိကကျသည့် နေရာတွင်ပါဝင်ပါကြောင်း၊ ယခင်အစိုးရလက်ထက်နှင့် ယခုတပ်မတော် အာဏာ ထိန်းခဲ့သည့် ၁၀ လအတွင်း ပြည်သူကို စိတ်ဒုက္ခအပေးနိုင်ဆုံးဌာနကို ပြပါဆိုလျှင် လျှပ်စစ်ဝန်ကြီးဌာနကို ပြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တိုင်းသူ ပြည်သားများ၏ ဝင်ငွေကိုချိန်ဆခြင်းမရှိဘဲ လျှပ်စစ်မီတာခ သုံးဆတိုးမြှင့် ကောက်ခံခဲ့ကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၀ လပိုင်း၌ မိမိတို့ မီတာခများက သုံးစွဲသည်ထက်ပိုပြီး ကောက်ခံခြင်းကို ခံနေရကြောင်း၊ မီတာခဆောင်ရာတွင် အဆင်မပြေမှုများရှိကြောင်း၊ ထိုထက်ဆိုးသည်က လူမနေသည့်အိမ် ၈ လတိတိ ပိတ်ထားခဲ့ရသည့်၊ အိမ်ကိုစွန့်ခွာပြီး ပြေးလာခဲ့ရသည့် လူတစ်ယောက်၏ မီတာဘေလ်က သိန်းကျော်ကျနေကြောင်း၊ ယင်းမှာ မိမိအိမ်ဖြစ်ကြောင်း၊ မိမိအိမ်ကို လုံးလုံး ပိတ်ထားတာဖြစ်ပြီး သော့ခတ်ထားကြောင်း၊ ယခု မီးဖြတ်သွားပြီဟု ကြားရကြောင်း၊ မီတာဘေလ် သွားဆောင်နိုင်ခြင်းလည်း မရှိကြောင်း၊ ယင်းအချင်းအရာများက မည်သို့ဖြစ်နေပါသနည်း၊ အိမ်စောင့်အစိုးရအနေဖြင့် လျှပ်စစ်ဝန်ကြီးဌာနကို မည်ကဲ့သို့အကြံပေးပြီး မည်သို့ လုပ်ဆောင်ပေးနိုင်မည်ကို သိလိုပါကြောင်း၊ မီတာခများနှင့်ပတ်သက်၍ လျှပ်စစ်ဝန်ကြီးဌာနမှ ရှုံးသည်ကို မိမိ သိရှိပါကြောင်း၊ သို့သော် နိုင်ငံတော်အနေဖြင့် ဝန်ကြီးဌာနတစ်ခုတည်း အရှုံးအမြတ်ကို တစ်နိုင်ငံလုံးအနေဖြင့်  သတ်မှတ်၍မရကြောင်း၊ အိမ်စောင့်အစိုးရ လက်ထက်တွင် ပြည်သူများ၏ဝင်ငွေဖြင့် ချင့်ချိန်ပြီး မီတာခနှုန်းထားများ ပြန်လည်ပြင်ဆင် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မီတာခများ ကိုဗစ်-၁၉ ရောဂါကာလတွင် ဖြေလျော့ပေးထားတာ ရှိကြောင်း၊ တချို့မြေပြင်၌လည်း လက်တွေ့ သိနေရတာရှိကြောင်း၊ မီတာခကောက်ခံရန် အခက်အခဲများရှိနေသလို၊ မီတာခဆောင်ရန် အခက်အခဲ ဖြစ်နေသူများလည်း ရှိကြောင်း၊ တချို့မီတာခကို အွန်လိုင်းမှ မီတာဘေလ်ဆောင် နိုင်သည်ဟု ပြောသော်လည်း လက်တွေ့တွင် လုပ်ဆောင်မရသည့် အခက်အခဲများကို တင်ပြသည်ကို သိရကြောင်း၊ တချို့ကိစ္စများ နိုင်ငံတော်အဆင့်အထိ ရောက်လာသည့် တိုင်ကြားမှုများ ရှိကြောင်း၊ ထိုသို့ ဖြစ်ပျက်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဆက်လက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း အသိပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကြီးကြပ်သူများကိုလည်း အမြန်ဆုံးအသိပေး စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက မကျွမ်းကျင်သော်လည်း စိုးရိမ်စိတ်ကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိက ဘဏ်များအကြောင်းကို သတင်းထောက် ညီအစ်ကိုမောင်နှမများက များစွာမေး မြန်းသွားကြောင်း၊ မိမိပိုက်ဆံကို ဘဏ်၌အပ်ထားပြီး ပြန်ထုတ်သည့်အချိန်တွင် ရာခိုင်နှုန်းအနေဖြင့် ပြန်ပေးနေရကြောင်း၊ ထုတ်၍မလွယ်ကြောင်း၊ မိမိသည် မိမိ၏ ချွေးနှဲစာကို ရာခိုင်နှုန်းပေးပြီး ထုတ်မည့်လူမျိုး မဟုတ်ကြောင်း၊ ကျန်သူများ ထုတ်သည်ကိုလည်း အားမပေးကြောင်း၊ သို့သော် မိမိတို့ ယုံကြည်စိတ်ချသည့် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကဘဏ်များကို မိမိတို့ ယုံကြည်စိတ်ချလို့ရမည်လား၊  မိမိတို့ပိုက်ဆံများ မဆုံးရှုံးဘူးဆိုသည်ကို အိမ်စောင့်အစိုးရအနေဖြင့် အာမခံ ပေးနိုင်ပါသလားဟု မိမိသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စက မူဝါဒဆိုင်ရာ မေးခွန်းဖြစ်ကြောင်း၊ မဟာဗျူဟာမေးခွန်းဖြစ်၍ မိမိအာမခံနိုင်ကြောင်း၊ နည်းဗျူဟာမေးခွန်းဖြစ်လျှင် နည်းဗျူဟာမေးခွန်းအရ အာမမခံနိုင်ကြောင်း၊ မဟာဗျူဟာနှင့်နည်းဗျူဟာ မတူကြောင်း၊ မဟာဗျူဟာသည် ရည်မှန်းချက်တိကျခိုင်မြဲရကြောင်း၊ နည်းဗျူဟာသည် ပြောင်းလွယ်ပြင်လွယ်ရှိကြောင်း၊ နိုင်ငံတိုင်းဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံတင် ဖြစ်နေတာမဟုတ်ကြောင်း၊ ယင်းမေးခွန်းသည် မဟာဗျူဟာမေးခွန်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများသည် ဘဏ်ထဲတွင် ထည့်ထားသည့်ငွေနှင့်ပတ်သက်ပြီး မဟာဗျူဟာဖြစ်သည့်အတွက် မဆုံးရှုံးစေရပါဟု မိမိရဲရဲကြီး အာမခံနိုင်ကြောင်း၊ နည်းဗျူဟာပိုင်းဆိုင်ရာသည် အခက်အခဲရှိကြောင်း၊ ငွေထုတ်၊ ငွေသွင်းသည့်အခါ မည်ကဲ့သို့ ထုတ်မည်လဲ၊ မည်သို့ဖြစ်မည်လဲ၊ သို့သော် သတင်းထောက်ကြီး သိန်း ၁၀၀၀ ထည့်ထားလျှင် ယနေ့နာရီပိုင်းအတွင်း ထုတ်လိုလျှင်မူ အာမ မခံနိုင်သော်လည်း သတင်းထောက်ကြီး၏ငွေ မဆုံးရှုံးရဟူ၌မူ အာမခံနိုင်ကြောင်း၊ ယင်းကို တစ်နာရီ၊ နှစ်ရီအတွင်း ထုတ်လိုလျှင်မူ နည်းဗျူဟာပိုင်းနှင့် ပတ်သက်သွားပြီဖြစ်ကြောင်း၊ မိမိက ယင်းနေရာမှာ အာမခံလို့မရကြောင်း၊ တချို့နေရာ၌ အခက်အခဲရှိတာ ဝန်ခံကြောင်း၊ ဘဏ်များကို ငွေထုတ်ပေးရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းအမျိုးမျိုးကြောင့် ကန့်သတ်ထားတာရှိကြောင်း၊ ငွေကြေး လည်ပတ်မှုနှုန်းများ၊ ငွေရေးကြေးရေး ထိုးနှက်တိုက်ခိုက်မှုများအရ မိမိတို့ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားသည်။

Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက လက်ရှိအစိုးရကို မိမိ ယုံကြည်သည့်အတွက် အချိန်ကြာမြင့်ချိန်ကို မိမိနှင့်အတူ ယုံကြည်သူများအားလုံးက သည်းခံစောင့်နိုင်ကြောင်း၊ နာရီပိုင်းအတွင်း ထုတ်ပေးရမည်၊ ရက်ပိုင်းအတွင်း ထုတ်ပေးရမည်ဟူ၍ မဟုတ်ကြောင်း၊ မိမိတို့ငွေများ မဆုံးရှုံးလျှင်ကို မိမိတို့ ပြည်သူ ပြည်သားများအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။

ဒေါ်သဇင်ဦးက ပြည်သူအများစု စာရိတ္တမဏ္ဍိုင် ပျက်စီးယိုယွင်းလာမှုနှင့် ပတ်သက်၍ ပြောပြလိုကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလကစတင်ပြီး  စာရိတ္တ မဏ္ဍိုင်ပျက်စီးလာခြင်းကို တွေ့ရကြောင်း၊ ယခုလက်ရှိအခြေအနေမှာ အဆိုးရွားဆုံး ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယခုကဲ့သို့ပြောရသည်ဆိုလျှင် ယခု ဗိုလ်ချုပ်တို့ ပြသ သွားသည့်အထဲတွင် မိမိကို စာသင်ပေးသည့်ဆရာမကိုပင် ပြန်သတ်ရန် လုပ်ကြံစီစဉ် သည်ဟုဆိုသည့် တပည့်မျိုး တွေ့နေရကြောင်း၊ ဝမ်းတွင်းတွင် ဆရာတော် တစ်ပါး ဆွမ်းဘုန်းပေးနေစဉ် ကျောင်းဝန်းထဲအထိဝင်ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ကို လည်း ရင်နှင့်ဖွယ်ရာ၊ စိတ်မကောင်းဖွယ်ရာ မိမိတို့ကြားသိရကြောင်း၊ ယခုဆိုလျှင် သံဃာတော် ၁၂ ပါးအထိ လုပ်ကြံသတ်ဖြတ်ခံရသည်ကို ကြားသိရကြောင်း၊ ယခု ကဲ့သို့ ပျက်စီးနေသည့် ယဉ်ကျေးမှုစရိုက်များကို သွန်သင်ဆုံးမရမည့်အစား ဓမ္မဟု ထင်မြင်ပြီး ဘေးမှ အားပေးအားမြှောက်လုပ်နေသူများ ရှိနေကြောင်း၊ ယင်းသို့ ပျက်စီးယိုယွင်းနေသည့် စာရိတ္တမဏ္ဍိုင်  ယဉ်ကျေးမှုဓလေ့စရိုက်များကို နိုင်ငံတော် အနေဖြင့်  ယဉ်ကျေးသည့်  ဗုဒ္ဓဘာသာနိုင်ငံအဖြစ် အစဉ်မျှော်တွေးပြီး မည်သို့ ပြန်လည်ဆောင်ရွက်ရန်ရှိသည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်ရေးရာကဏ္ဍကို ယခင်ကလည်း ဖြေကြား ပြီးဖြစ်ကြောင်း၊ လုပ်ဆောင်ကြသည့်နေရာတွင် စာရိတ္တမဏ္ဍိုင်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အဆက်ဆက်ထံတွင် တာဝန်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင်လည်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် လူငယ်များနှင့်ပတ်သက်၍ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသည်ဟု အကြမ်း ဖျင်းအားဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလ ငါးတန်တိုးတက်ဖွံဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဟုပါရှိပြီးဖြစ်ကြောင်း၊  ယင်းသို့ ဆောင်ရွက်သည့်အခါ အဓိကအားဖြင့် လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထို့အပြင် လူငယ်များအပါအဝင် ပြည်သူ အများအတွက် ပညာပေးရန်၊ ပြန်ကြားပေးရန် တာဝန်ရှိသည့် ပြန်ကြားရေးဝန်ကြီး ဌာနကဲ့သို့သော ဌာနများက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုမေးခွန်းသည် ကောင်းမွန်သည့်မေးခွန်းဖြစ်ပါ ကြောင်း၊ အများအားဖြင့် နိုင်ငံတကာ၌ State building ကို အဓိကထားမေးခြင်း ဖြစ်ကြောင်း၊ အမှန်က Nation building အမျိုးသားရေးဆိုင်ရာ တည်ဆောက်မှု၊ တိုင်းပြည်တည်ဆောက်မှု Nation building ကို အားနည်းသည်ကိုတွေ့ရကြောင်း၊  ခေတ်အဆက်ဆက်တွင်လည်း State building ကို အဓိကထားပြီး လုပ်ကြကြောင်း၊ Nation building သည် လုပ်ကိုင်မှု၊ လုပ်ဆောင်မှု၊ ဘက်မျှမှုပျက်ကွက်ခဲ့သည့် အတွက် အားနည်းခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ဖွဲ့စည်းထားသော လူငယ်ရေးရာနှင့်အားကစား ဝန်ကြီးဌာနသည် အားကစားအတွက်သာမဟုတ်ဘဲ လူငယ်ရေးရာနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန် လူငယ်များ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးလိုစိတ်များ တိုးပွားလာပြီး နိုင်ငံရေး ကာကွယ်လိုစိတ် ပေါ်ထွန်းလာစေရန် လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး အားကစားသိပ္ပံနှင့် နည်းပညာလူမှုရေး စသည့်ကဏ္ဍများကို ပိုမိုဖြည့်ဆည်း မြှင့်တင် နိုင်ရေးဆောင်ရွက်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးကိစ္စများ ဆောင်ရွက်နိုင်စေရန် အဓိက ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်လျှက်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် ဝန်ကြီး ဌာနတစ်ခုတည်း၊ အစိုးရမှာသာ တာဝန်ရှိခြင်းမဟုတ်ကြောင်း၊ ယင်းလူငယ်များ နှင့်ပတ်သက်ပြီး ဆောင်ရွက်သည့်နေရာတွင် အဖွဲ့အစည်းအမျိုးမျိုးတွင် တာဝန်ရှိပါ ကြောင်း တာဝန်ရှိသည်ဆိုရာ၌  အဖွဲ့အစည်းအမျိုးမျိုးတွင် တာဝန်ရှိသည်ဟု ခံယူရမည်ဖြစ်ကြောင်း၊ NGO ၊ INGO အဖွဲ့များတွင်လည်း လူငယ်များနှင့် ပတ်သက်၍  လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းများလည်းရှိကြောင်း၊ လက်တွေ့လုပ်ဆောင် ပေးနေသည့် အဖွဲ့အစည်းများလည်းရှိကြောင်း၊ ဥပမာ ဘာသာရေးနှင့်ပတ်သက်သော အဖွဲ့များက လုပ်ပေးနေတာရှိသကဲ့သို့  လူမှုရေးနှင့် ပတ်သက်သောအဖွဲ့များက လုပ်ပေးနေမှုလည်းရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် မိမိတို့သည် စုစည်းမှုအား လိုအပ်ကြောင်း၊ စုစည်းမှုအားနှင့် လူငယ်များကို  အချိန်တိုအတွင်း ခေတ်နှင့်အညီ လူငယ်များ၏ ဦးတည်ချက်များကို မည်သို့ပြောင်းသွားအောင်၊ မည်မျှအထိရွေ့နိုင် အောင် အားလုံးကဝိုင်းပြီး ရွေ့အောင်ဆောင်ရွက်နိုင်မည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံများ၌ ယခုကဲ့သို့သောကိစ္စများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လူငယ်များနှင့် ပတ်သက်၍ အခက်အခဲများကို   နိုင်ငံတကာ၌လည်း မေးကြည့်သည့်အခါ လူငယ် များသည် ယခင်နှင့်မတူကြကြောင်း၊  လူငယ်များသည် မည်သို့ဖြစ်နေကြပြီဆိုသည့် အကဲဖြတ်ချက်မျိုးများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ တစ်နိုင်ငံတည်းပင်ဖြစ်ပေါ် နေသည့်ကိစ္စမဟုတ်ဟု ပြောလိုပါကြောင်း၊ လူကြီးများအနေဖြင့် လူငယ်များကို ကြည့်သည့်အခါတွင် လိုအပ်သည်ဆိုတဲ့အမြင်မျိုးများ ရှိကောင်းရှိနေနိုင်ကြောင်း၊ သို့သော် လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေနှင့် လူငယ်များကို မိမိတို့က မည်သည့်ဦးတည်ချက်ကို ပြောင်းပေးနိုင်မလဲဆိုသည့် အချက်ကပိုပြီး အဓိကကျ မည်ဖြစ်ကြောင်း၊ အားလုံးကဝိုင်းပြီး ရွေ့အောင်လုပ်ခြင်းသည် အဓိကကျမည်ဟု မိမိနေဖြင့် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး ဒေါ်သဇင်ဦးက မြို့နယ်တချို့၌ CDM မလုပ်သည့် နိုင်ငံ့ ဝန်ထမ်းကောင်းများ ရှိကြောင်း၊ ယင်းဝန်ထမ်းကောင်းများကို PDF ဆိုသည့် အကြမ်းဖက် အဖွဲ့က လုပ်ကြံရန် စာများထုတ်ပြီး သတ်ဖြတ်ရန် ခြိမ်းခြောက်နေသည်များရှိကြောင်း၊ ယင်းသို့ခံစားနေရသည့် ပြည်သူများအတွက် ဗိုလ်ချုပ်အနေဖြင့် မည်ကဲ့သို့ အားပေး စကားပြောနိုင်မလဲ၊ မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်း သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက တချို့ဝန်ထမ်းများနှင့် CDM မလုပ်သည့် ဝန်ထမ်းများကို ၎င်းတို့၏ဆန္ဒအတိုင်း မဖြစ်သည့်လူများကို ခြိမ်းခြောက်စာပို့ခြင်း၊ Online ပေါ်မှ ခြိမ်းခြောက်ခြင်းတို့ကို အမြဲလုပ်နေကြကြောင်း၊  ယင်းသို့ကြုံတွေ့လာသည့်အခါ သတင်းပေးရမည့်နေရာ တိုင်ကြားရမည့်နေရာများကို မိမိတို့ပြောပြီးဖြစ်ကြောင်း၊ တချို့လည်း သတင်းပေးသည်ကို ဘာမှလုပ်မပေးဟုသိရကြောင်း၊ ထို့သို့ လုပ်မပေးပါက အဆင့်ဆင့် သတင်းပေးပါဟု မိမိပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဖမ်းဆီးခံသတင်း သမားများနှင့် ဖေဖော်ဝါရီ  ၁ ရက် ဖြစ်စဉ်အရှေ့တွင်ရှိခဲ့သည့် အကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုလိုပါကြောင်း၊ နောက်တစ်ခုအနေဖြင့် ပြင်ဦးလွင် - မန္တလေးအဆင်း၊ မန္တလေး-အောင်ပင်လယ် တိုးဂိတ်နားရှိ သံပတောကျေးရွာ၌ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်တွင် ကျူးကျော်များကို ရှင်းလင်းခြင်းများရှိကြောင်း၊ ကျူးကျော်မဟုတ်သည့် အထောက်အထားရှိသော မူလပိုင်ရှင်များလည်း ပါသွားကြောင်း၊ မန္တလေးမြို့တော်စည်ပင်မှ အခွန်ဌာနမှူးများဦးစီးပြီး ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း ထိုကိစ္စကို သတင်းသွားယူခဲ့ကြောင်း၊ ယင်းကိစ္စမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ အာဏာသုံးပြီး လုပ်သည့်ပုံစံမျိုး ဖြစ်သွားပါကြောင်း၊ လုံခြုံရေးရဲများနှင့် မိမိတို့ အခြေအတင်ဖြစ်ခဲ့ပါကြောင်း၊ ပိုင်ရှင်များအနေဖြင့် ယင်းကိစ္စကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တိုင်ကြားမည်ဟု ပြောခြင်းရှိကြောင်း၊ ၎င်းကိုတင်ပြပေးပါဟု ပြောခြင်းကြောင့် တင်ပြပေးခြင်းဖြစ်ကြောင်း၊  ခြိမ်းခြောက်ခံရသည် ဆိုသည့်ကိစ္စကို မေးမြန်းလိုကြောင်း၊ အနီးစပ်ဆုံး ယမန်နေ့က ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ မြန်မာပလာဇာတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးဝန်ထမ်းများ၏ ဖမ်းဆီးမှုခံရပြီးနောက်ပိုင်း ယနေ့တွင် ယင်းလုံခြုံရေးဝန်ထမ်း ခေါင်းဆောင်အမည်၊ နေရာနှင့် သွားလာလှုပ်ရှားမှုများ လိုင်းပေါ်ပြန့်နှံ့လာသည်ကို တွေ့ရပြီး ခြိမ်းခြောက်ခံရကြောင်း၊ အလားတူစာသင်ကျောင်းများ၊ ကျောင်းသားများကိုလည်း ခြိမ်းခြောက်နေခြင်းများရှိနေကြောင်း၊ လက်ရှိမြန်မာနိုင်ငံ ခြိမ်းခြောက်ခံရမှုမှာ ကြောက်ခမန်းလိလိ ဖြစ်နေပါကြောင်း၊ ယင်းသို့ ခြိမ်းခြောက်ခံနေရမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းအနေနှင့် ပြည်သူများ စိတ်ချမ်းသာအောင်၊ လုံခြုံမှုရရှိလာအောင် မည်သို့ ဖြေကြားပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာပလာဇာတွင် ဆန္ဒပြမှုကိုတွေ့ရပါကြောင်း၊ ယင်းမှာ ပိုင်နက်ကျူးလွန်မှုဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သည့် နေရာတွင် ဆောင်ရွက်ခြင်းလည်းဖြစ်၍ အကြံအစည်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခြိမ်းခြောက် ခံနေရသည်ကိုလည်း သိရကြောင်း၊ မိမိတို့အနေဖြင့် ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ လုံခြုံမှုပေးနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ခြိမ်းခြောက်နေသည်မှာ လူနှစ်ယောက်တစ်ပိုင်းနှင့် ခြိမ်းခြောက်နေခြင်းလည်းရှိပြီး တကယ်လုပ်ရန်အတွက် ခြိမ်းခြောက်နေခြင်းလည်းရှိကြောင်း၊ လူတစ်ဦးကိုတစ်ဦးချင်း၊ လုံခြုံမှုမပေးနိုင်သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထုအများစုအတွက် လုံခြုံရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီပံ့ပို့ပေးရန် ပြောလိုပါကြောင်း၊ ​လုံခြုံရေးအမြင်၊ လုံခြုံရေးအသိနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့တင် မဟုတ်ဘဲ သာမန်ပြည်သူလူထုများကလည်း သိသင့်ပါကြောင်း၊ သာမန်ပြည်သူလူထုအနေဖြင့် သိသင့်သည်များမှာ မသင်္ကာဖွယ်ရာ လူများ၏အနေအထားက မည်ကဲ့သို့ရှိကြောင်း၊ မည်သည့်အချိန်တွင် မည်သည့်နေရာကို မသွားသင့်ဘူးဆိုသည့် သာမန်လုံခြုံရေးအသိများကို အားလုံးက ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လုံခြုံရေးဆောင်ရွက်ရာတွင် ပေါ်ပေါ်ထင်ထင် မြင်ရသည့်နေရာများ၌ ယူနီဖောင်းနှင့်ရပ်ပြီး စောင့်ပေးနေတာ မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် သက်ဆိုင်သည့် လုံခြုံရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည်ကို ပြောလိုကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုကြောင့် ရန်ကုန်မြို့၌ ရှိနေသည့် အဖွဲ့အစည်းကြီးများ၊ လက်နက်များကို မိခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း၊ တတ်နိုင်သည်ထက်ပိုပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်သူလူထု ပူးပေါင်း ပါဝင်မှု ပိုမိုအားကောင်းလာစေရန် ပြည်သူများ အခက်အခဲဖြစ်နေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငွေကြေးအရသော်လည်းကောင်း၊ စားသောက်ကုန် ပစ္စည်းအရသော်လည်းကောင်း၊ ထောက်ပံ့ပေးနိုင်မည့် အစီအစဉ်များ ကုန်စျေးနှုန်းကျဆင်းအောင် ထိထိရောက်ရောက် ဆောင်ရွက်မည့် အစီအစဉ် များလုပ်ပေးရန် ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ရှိတွင် အရင်းအမြစ်များကို ပံ့ပို့ပေးရန် အစီအစဉ်များရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမရည်မှန်းချက်သည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေး အတွက် ကုန်ထုတ်လုပ်သည့်သူများ အဆင်ပြေအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အခက်အခဲများအတွက် ကိုဗစ်ချေးငွေများ ​‌ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သမဝါယမဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုလောလောဆယ် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်နိုင်သည့် အခြေခံကျသောအရင်းအမြစ်များကို ကူညီပံ့ပိုးခြင်း ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် များရှိကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်သူများ   ပူးပေါင်း ပါဝင်မှုပိုမိုအားကောင်းလာလျှင် လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသလားဟု မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူများပူးပေါင်းပါဝင်မှု ၂ မျိုးရှိကြောင်း၊ ပထမအချက်အနေဖြင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ခြင်း၊ ပူးပေါင်း ပါဝင်ကူညီသည့်အခါတွင် အကြမ်းဖက်မှုများ ယခုထက် ရာနှုန်းပြည့်နီးပါး လျော့သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး PDF များမည်မျှသေကြောင်း၊ EAOs များ မည်မျှ သေကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောစရာအကြောင်းမရှိကြောင်း၊ သေဆုံးလျှင်လည်း မိမိနိုင်ငံသား သေဆုံးခြင်းသာဖြစ်ပြီး ၎င်း PDF ၊ EAOs များသည်လည်း မြန်မာနိုင်ငံသားပင်ဖြစ်ကြောင်း၊ မိမိနိုင်ငံသား အချင်းချင်းဖြစ်သည့်အတွက် ဂုဏ်ယူ စရာမရှိကြောင်း၊  ဒုတိယအချက်အနေဖြင့် အကြမ်းဖက်များ မည်သည့်အချိန် လျော့သွားမည်လဲဟုဆိုရာတွင် ပြည်သူများအားလုံးပါဝင်လျှင် အကြမ်းဖက်မှုလျော့သွား မည်ဖြစ်ကြောင်း၊ ရာနှုန်းပြည့်သည့်နိုင်ငံ မရှိကြောင်း၊ ပြည်သူအားလုံး၏စိတ်ထဲတွင် ယင်းအကြမ်းဖက်လုပ်ရပ်များသည် မိမိတို့နိုင်ငံ၏တိုးတက်ရေး၊ အမျိုးသားတိုးတက် ရေးကို  အနှောင့်အယှက်ဖြစ်သည်၊  မိမိတို့၏တိုးတက်ရေးကို အနှောင့်အယှက်ဖြစ် သည်ဆိုသည့် စိတ်မျိုးဝင်သွားနိုင်မှသာ ရာနှုန်းပြည့် ငြိမ်းချမ်းမည်ဖြစ်ကြောင်း၊ ရာနှုန်းပြည့်  ငြိမ်းချမ်းရန်လည်း လိုအပ်ကြောင်း၊  ယင်းကိစ္စများလုပ်ဆောင်နိုင်ရန် အတွက် အစိုးရအဆက်ဆက်နှင့် တာဝန်ရှိသူအဆက်ဆက်ကလည်း လုပ်ဆောင် သွားရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NUG မဟုတ်သည့် GZ ၊  PDF တို့အနေဖြင့် တွေ့ဆုံညှိနှိုင်းမှု တောင်းဆိုလာခဲ့မည်ဆိုပါက မည်ကဲ့သို့လုပ် ဆောင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မတရားအသင်းအဖြစ်၊ အကြမ်းဖက်အဖြစ် ကြေညာထားရသူများနှင့် တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိကြောင်း၊ အကြမ်းဖက် အဖြစ်ကြေညာခြင်းမှ လျော့ကျသွားအောင် ၎င်းတို့လုပ်ဆောင်မှုနှင့် ပြသရမှာဖြစ် ကြောင်း၊ သို့မှသာ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာမည်ဖြစ်ကြောင်း၊  မည်သည့် နိုင်ငံမှ အကြမ်းဖက်အဖြစ်ကြေညာထားသည့် အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊  တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုသည်မှာ EAO ကဲ့သို့ သမိုင်းကြောင်းအစဉ်အလာနှင့် ဖြစ်လာသည့် လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန်ဖြစ်နိုင်ကြောင်း၊ လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေအပေါ် အခွင့် ကောင်းယူပြီး နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနေသည့်သူများနှင့် တွေ့ဆုံဆွေးနွေး စရာ အကြောင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက သတင်းထောက် များကို ဖမ်းဆီးမှုများရှိကြောင်း၊ မုံရွာဂေဇက်သတင်းဌာနမှ ပြည့်ဖြိုးအောင်ဆိုလျှင် လုပ်ငန်းမလုပ်တော့ဘဲ တောင်ယာစိုက်နေချိန်တွင် စိစစ်မှုမရှိဘဲ ဖမ်းဆီးသွားခြင်းခံ ရကြောင်း၊ တရားစွဲဆိုခံထားရကြောင်း၊ ယင်းအဖြစ်အပျက်မှာ ခြုံငုံပြီးပြောပြခြင်း ဖြစ်ကြောင်း၊ သတင်းထောက်များဖမ်းဆီးခြင်းကိစ္စကို ပြန်လည်စိစစ်ပြီး လွတ်ပေးရန် ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်မှမဟုတ်၊ မည်သူမဆို နံပါတ် (တစ်) အကြမ်းဖက်ဆန္ဒပြရာတွင်ဦးဆောင်ခဲ့သူမဟုတ်ခြင်း၊ နံပါတ်(နှစ်) အကြမ်းဖက် ဆန္ဒပြမှုတွင် ရာဇဝတ်မှုကျူးလွန်ခဲ့သူမဟုတ်ခြင်း စသည့် အချက်နှစ်ချက်ပေါ်တွင် အခြေခံပြီး လွှတ်ပေးလျက်ရှိကြောင်း၊ လွှတ်ပေးသူပေါင်း ထောင်ချီရှိပါကြောင်း၊     ၃ ကြိမ်ခန့် လွှတ်ပေးခဲ့ပါကြောင်း၊ သတင်းထောက်များဟု နာမည်တပ်နေသည့် သူများရှိကြောင်း၊ သတင်းထောက်လုပ်သည့်အမှုဖြင့် တရားစွဲခံထားရသူ တစ်ဦးမျှ မရှိကြောင်း၊ ဆူပူဆန္ဒပြသည့်နေရာတွင် ဦးဆောင်လှုံ့ဆော်ခဲ့သူကို အရေးယူခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသည်များရှိကြောင်း၊ ယေဘုယျအားဖြင့် ၎င်းပြစ်မှုများနှင့် မငြိစွန်းလျှင် စိစစ်ပြီး ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြစ်မှုချိုးဖောက်၍ အရေး ယူထားသည့်ထဲတွင် သတင်းထောက်ဆိုပြီး အရေးယူထားခြင်း မရှိပါကြောင်း၊ ပြစ်မှုကျူးလွန်သဖြင့် အရေးယူထားတဲ့အထဲမှာတော့ သတင်းမီဒီယာသမားအချို့ ပါရှိ ကြောင်း၊ ပြစ်လွန်ကျူးလွန်သူများနှင့်ပတ်သက်၍ ဖြေလျှော့သည့်နေရာတွင် သက်ဆိုင်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် စိစစ်ဆောင်ရွက်ပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့ကျူးလွန်ထားသည့် ပြစ်မှု အတိုင်းအတာ၊ အတိမ်အနက်ကို အောက်ခြေမှစ၍ အဆင့်ဆင့်စိစစ်ပြီး ဖြေလျှော့ သင့် ဖြေလျှော့ထိုက်သူများကို ဖြေလျှော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မုံရွာ၌ ဖမ်းဆီးခံထားရကြောင်း၊ မိမိတို့ VOM သတင်းဌာနမှ သတင်းထောက်ဖြစ်ပြီး ထိုကိစ္စကိုစိစစ်၍ မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စကို စိစစ်ပေးမည်ဖြစ်ကြောင်း၊ သတင်း ထောက်မလုပ်တော့သော်လည်း ထိုသူမှာ ပြစ်မှုရှိသည့်အတွက်ကြောင့် ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ထားခြင်းမရှိလျှင် လွှတ်မည်ဖြစ်ကြောင်း၊ လွှတ်မည်ဟု မိမိအာမမခံနိုင်ကြောင်း၊ သို့သော် တရားဥပဒေနှင့်အညီနေထိုင်ပြီး ပြစ်မှုကျူးလွန် ထားခြင်းမရှိလျှင် လွှတ်မည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့လျှင် ၎င်း၏ကျူးလွန်မှု အရ အရေးယူခံရမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲအပြီးတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ခင်းကျင်းပြသထားသည့် ဘုတ်များမှ အကြောင်းအရာများကို တက်ရောက်လာကြ သည့် သတင်းမီဒီယာများအား လိုက်လံရှင်းလင်းပြသပြီး သတင်းမီဒီယာသမားများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။