နေပြည်တော် ၂၈ အောက်တိုဘာ
(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ လူစွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးများကို (Promoting ASEAN Workers for Competitiveness, resilience, and Agility on The Future of Work) “အနာဂတ်အလုပ်အကိုင်အတွက် အာဆီယံ အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုကို မြှင့်တင်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး World Economic Forum အစီရင်ခံစာအရ အာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းအဆင့်မညီမျှဘဲ ထုတ်လုပ်နိုင်စွမ်းကွာဟမှု ကြီးမားနေသဖြင့် အာဆီယံလုပ်သားထုကို ကျွမ်းကျင်မှုအရည်အသွေးတိုးတက်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အခြားအကြပ်အတည်းများကြောင့်ဖြစ်စေ ဖြစ်ပေါ် လာသော စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိစေရန်နှင့် ပြောင်းလဲလာမည့် အနာဂတ်အလုပ်အကိုင် လောကအတွက် လိုအပ်လာမည့် ကျွမ်းကျင်မှုများအတွက် ပြင်ဆင်ထားရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အာဆီယံဝန်ကြီးများက အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် 26th ALMM အာဘော် “Promoting ASEAN Workers for Competitiveness, Resillience, and Agility on the Future of Work” သည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော fourth industrial revolution နှင့် COVID-19 ၏ သက်ရောက်မှု အခြေအနေတို့ကို အဖြေရှာရန်အတွက် ရည်ရွယ်ချမှတ်ရခြင်းဖြစ်ပြီး အဆိုပါအခြေအနေ နှစ်ရပ်လုံးသည် နည်းပညာကြားခံနယ် (technology platform)အဖြစ် မဖြစ်မနေ၊ အလျှင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိကြောင်း။
နည်းပညာ အခြေခံလုပ်ငန်းများအဖြစ် ချက်ချင်းပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုရှိပြီး၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ပုံစံအသစ်သို့ ပြောင်းလဲသွားပြီး၊ Digitalization Platform သည် အလုပ်သမားဈေးကွက်အတွက် အခြေခံလိုအပ်ချက် ဖြစ်လာပါကြောင်း၊Digitalization သို့ လျင်မြန်စွာ ပြောင်းလဲမှုတွင် အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် Digital Infrastructure များ၌ ရင်းနှီးမြှုပ်နှံခြင်း၊ အလုပ်သမားဈေးကွက်လိုအပ်ချက်၊ အခြေအနေနှင့်ကိုက်ညီသော ကျွမ်းကျင်မှုအသစ်များ ရရှိရေး လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း။
အလုပ်သမားများ၏ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ လူထုဗဟိုပြု ချဉ်းကပ်ပုံ၊ အနာဂတ်အလုပ်သမားဈေးကွက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းများနှင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ပုံနှင့် အတွေ့အကြုံများကို လေ့လာမျှဝေခြင်းသည် အလွန်အရေးပါ လာပါကြောင်း။
အလုပ်သမားရေးရာကဏ္ဍနှင့် စက်မှုကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် အဖြေရှာရာတွင် လူမှုတွေ့ဆုံ ဆွေးနွေးမှုသည် အလွန်အရေးပါသဖြင့် အစိုးရ၊ အလုပ်ရှင်/အလုပ်သမား ကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းဝေးများကို လိုအပ်သလိုကျင်းပလျက်ရှိပြီး၊ အစိုးရနှင့် အလုပ်ရှင်၊ အစိုးရနှင့် အလုပ်သမား အဖွဲ့အစည်းများနှင့်လည်း အပတ်စဉ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်၍ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းရန်နှင့်လိုအပ်သော ကာကွယ်ရေးအစီအမံများ အကောင်အထည်ဖော်ရန်ဆောင် ရွက်လျက်ရှိပါကြောင်း။
ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု အဆိုးဆုံးကြုံတွေ့ရသည့် လုပ်ငန်းများအတွက် အတိုးနှုန်း နည်းနည်းဖြင့် ငွေထုတ်ချေးရန် ကိုဗစ်-၁၉ ရန်ပုံငွေကိုလည်း အစိုးရက ထူထောင်ထားကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ကလည်း အမျိုးမျိုးသော ဖြေလျော့ပေးမှုများနှင့် အထောက်အပံ့များ ပေးလျက်ရှိပါကြောင်း။
မိမိတို့၏ခိုင်မာသည့် စိတ်အားထက်သန်မှုနှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အတူတကွ လက်တွဲ၍ အဆက်မပြတ်အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်လိမ့် မည်ဟု မိမိအနေဖြင့် အလေးအနက် ယုံကြည်မိပါကြောင်း၊ အာဆီယံအပေါင်း ၃ နိုင်ငံများ၏ အတွေ့အကြုံ ကောင်းများ၊ ရရှိခဲ့သည့်သင်ခန်းစာများနှင့် အကူအညီများအား အာဆီယံနိုင်ငံများထံ မျှဝေပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် ဤအစည်းအဝေးမှ ထုတ်ပြန်မည့် ပူးတွဲကြေညာချက်သည် အနာဂတ် အလုပ်အကိုင် ရလဒ်ကောင်းများ ရရှိအောင်မြင်ရေးအတွက် ဆက်လက်လျှောက်လှမ်းရမည့် ခရီးလမ်းပင်ဖြစ် ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် Master Plan on ASEAN Connectivity (MPAC) 2025 အကောင် အထည် ဖော်ခြင်းမှတစ်ဆင့် ဒေသတွင်းချိတ်ဆက်ဆောင်ရွက်မှုတိုးမြှင့်ရန် အစဉ်တစ်စိုက် ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် အလုပ်အကိုင်ရရှိရေးကို အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဂျပန်နိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အသက်အရွယ်ကြီးသူများ ဝင်ငွေဖူလုံရေးဆိုင်ရာလေ့လာမှု၊ အရည်အသွေးအာမခံမှုရှိပြီး ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးစနစ်များအတွက် အာဆီယံ၏ အခြေခံလမ်းညွှန်ချက်များ စမ်းသပ်အကောင်အထည်ဖော်မှု တွင် ဆက်လက်၍ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးတက်ရရှိရန် အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများတွင် Gender Mainstreaming ကိုထင်ဟပ်စေရေး တိုးတက်ဆောင်ရွက်ခြင်း အပါအဝင် အလုပ်သမား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော TVET သင်ရိုးညွှန်းတမ်းများမှတစ်ဆင့် အာဆီယံ လူသားအရင်းအမြစ်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ CLMV နိုင်ငံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအရာရှိများအတွက် TVET လေ့ကျင့်မှုများမြှင့်တင်ရန် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အာဆီယံအလုပ်သမားဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်များအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံအလိုက် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


