နေပြည်တော် စက်တင်ဘာ ၂၉

၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ကြီးမှူးကျင်းပသည့် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ယနေ့ နံနက် ၈  နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 
    
အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာဝန်ကြီးဖြစ်သူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး  ဦးအောင်မြင့်နှင့် မြန်မာကိုယ်စား လှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပါဝင်တက် ရောက်ကြသည်။
    
အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားဝန်ကြီး ဌာနဝန်ကြီး H.E. Dato Haji Aminuddin က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံဥက္ကဌတာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် We Care, We Prepare, We Prosper ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံပြည်သူများအကြား ဒေသတွင်း ရင်ဆိုင်နေသည့် စိန်ခေါ်မှုများနှင့် ကွာဟချက်များကို အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းရှိ အစုအဖွဲ့များက အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်ခဲ့ကြသကဲ့သို့ ဆက်လက်၍လည်း တားဆီးကာကွယ်ရေးဆိုင်ရာ ယဉ်ကျေးမှု(Culture of Prevention-CoP)နှင့် အာဆီယံဆိုင်ရာ အတွေးအမြင်များ၊ ကြံ့ကြံ့ခံနိုင်မှုရှိခြင်းနှင့် အပြန်အလှန် နားလည်မှုများကို မြှင့်တင်စေရေး အာဆီယံ မဟာဗျူဟာ မူဝါဒဆိုင်ရာ မူဘောင်တို့ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအား‌ကောင်းစေရေးနှင့် အောင်မြင်မှု ရရှိနိုင်ရေး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားသည်။
     
အဆိုပါအစည်းအဝေး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E. Mrs. Hajah Nor Ashikin Binti Haji Johari က ၃၁ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာအဆင့်မြင့်အရာရှိကြီး များအဆင့် အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့သည်။
     
အစည်းအဝေး၌ အာဆီယံ လူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်း၏ ဆောင်ရွက်လျက် ရှိသည့် ရှိရင်းစွဲလုပ်ငန်းများကို ဆန်းသစ်နိုင်ရေး၊ အာဆီယံမဏ္ဍိုင် ၃ ရပ် အချင်းချင်း ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး ရည်မှန်း၍ အာဆီယံ၏ အနာဂါတ် ပြင်ဆင်ထားရှိနိုင်ရေး၊ အာဆီယံဒေသအတွင်း ရေရှည်ကြွယ်ဝပြည့်စုံမှု တိုးတက်မြင့်မား စေရေးနှင့် အာဆီယံပြည်သူများအားလုံး၏ ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် အခွင့်အလမ်းများ ဖန်တီးနိုင်ရေးစသည့် မျှော်မှန်းချက်များနှင့်အညီ အာဆီယံ၏ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်များ တုံ့ပြန်မှုများကို ချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘန်ဒါဆရီဘီဂါဝန် ကြေညာချက် (Bandar Seri Begawan Declaration)၊  ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း အခြေပြမြေပုံအတွက် အာဆီယံအသိုက်အဝန်း ရည်မှန်းချက်အရ အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းရှိ လုပ်ငန်းအစုအဖွဲ့များ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း၍ လုပ်ငန်းစဉ်များ တိုးတက်ရေး အားကောင်းစေရန်အတွက် ရည်မှန်းသည့်  ဟနွိုင်းကြေညာချက်(Ha Noi Declaration) အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
    
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံဥက္ကဌတာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးနယ်ပယ် များဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည် ထူထောင်နိုင်ရေးနှင့် နည်းပညာ ဆိုင်ရာ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အပြင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ဖြေရှင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးအသုံးချမှု ပိုမိုမြင့်မားနိုင်ရေး စသည့်လုပ်ငန်းစဉ်များ ပါဝင်သော Care Economy ဆိုင်ရာမူဘောင်၊ အာဆီယံပြည်သူများအကြား ဒေသ ဆိုင်ရာအတွေးအမြင်များ၊ ကြံ့ကြံ့ခံနိုင်မှုရှိခြင်းနှင့် အပြန်အလှန် နားလည်မှုများကို မြှင့်တင် စေရေး အာဆီယံ-မဟာဗျူဟာမူဘောင်တို့ကို ဆွေးနွေးကြသည်။
    
ဆက်လက်၍ လူငယ်များကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သတင်းအချက် အလက်နှင့် သတင်းမီဒီယာများမှတစ်ဆင့် ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေး ဖန်တီးတည်ဆောက် ခြင်းကဏ္ဍတို့ကို မြှင့်တင်ပေးရေး၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် အာဆီယံဒေသတွင်း ရာသီဥတုပြောင်းလဲမှုစင်တာ (ASEAN Climate Change Centre)တည်ထောင်ခြင်းအတွက် လုပ်ဆောင်နေသည့် ဒေသတွင်းစီမံချက်များအသီးသီးတွင် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း၏အစုအဖွဲ့များက ဆောင်ရွက်ချက်များ အောင်မြင်မှုရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ကျား/မတန်းတူဖော်ဆောင်ရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်း၊ အားကစား၊  လူငယ်ဖွံ့ဖြိုးရေးနှင့် သတင်းအချက်အလက် အသိပညာပေးရေးစသည့် လုပ်ငန်းစဉ်များ ပါဝင်သည့် ပူးတွဲကြေညာချက်(Joint Statement )ကို အတည်ပြုခဲ့ကြသည်။
    
ထို့နောက် ၃၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်သွင်းရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၇ ခု၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ ၁၉ ခု နှင့် ၂၄ ကြိမ်မြောက် အာဆီယံ အပေါင်းသုံးထိပ်သီးအစည်းအဝေးသို့ တင်ပြရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၁ ခု နှင့် ၁၆ ကြိမ် မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တင်ပြရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၁ ခု  စသည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဝန်ကြီး၊ဖြစ်သူ ဦးကိုကိုက ၂၀၂၁ ခုနှစ်၌ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရသည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊ စည်းလုံးညီညွတ်ပြီး တုံ့ပြန်မှုအားကောင်းသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၌ မြန်မာနိုင်ငံက ဆက်လက်ပါဝင်ကူညီ သွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် အသက် ၁၈ နှစ်အထက်အတွက် ထိုးနှံရမည့်အကြိမ်ရေ စုစုပေါင်း ၆၈ သန်း ဖြစ်ရာ ၇ ဒသမ ၅သန်း ထိုးနှံခဲ့ပြီးဖြစ်ပါ၍ လူဦး‌ရေ၏ ၇ ရာခိုင်နှုန်းအား အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ရရှိစေရေး မျှော်မှန်း၍ ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို အာဆီယံ အပါအဝင် ဆွေးနွေးဖက် နိုင်ငံအသီးသီးမှ ပေးပို့လှူဒါန်းမှုများကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး မူဘောင်နှင့် ရလဒ်များတိုင်းတာမှုတို့ ဆောင်ရွက်နိုင်ရေး နည်းပညာ အကူအညီများနှင့် သင်တန်းများပို့ချမှုတို့အတွက် ပံ့ပိုးပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံအား ကြိုဆိုဂုဏ်ပြုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn