(၂၆)ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင်နှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကျင်းပ

 

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

(၂၆) ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင်၏ ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်တွင် လာအိုနိုင်ငံ အခြေစိုက် မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးရုံး လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှ Online စနစ်ဖြင့် လက်ခံကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အစည်းအဝေးသို့ မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးရုံး၊ မဲခေါင်မြစ်ကော်မရှင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးကို မဲခေါင်မြစ်ကော်မရှင် (Mekong River Commission-MRC) အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား မဲခေါင်မြစ်ရေအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများအား ဖလှယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် လန်ချန်း   -   မဲခေါင်မြစ်၏ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ တိုးတက်မှုအခြေအနေများ၊ လန်ချန်း - မဲခေါင် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ဝဘ်ဆိုဒ်တည်ထောင်မှု၊ ၂၀၂၃ ခုနှစ် မြစ်ဝှမ်း အစီရင်ခံစာ ရေးဆွဲမှုအခြေအနေ၊ လာအိုနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၄) ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေး၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ ဆွေးနွေးဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံဘက်မှ မဲခေါင်မြစ်ဝှမ်းသည် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးပါကြောင်း၊ လက်ရှိအချိန်တွင် မဲခေါင်မြစ်ဝှမ်းသည် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ အဆိုပါ ဆိုးကျိုးများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀)၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉)၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) နှင့် အမျိုးသားရေမူဝါဒ (၂၀၁၄) နှင့် ရေနှင့်ပတ်သက်သည့် အခြားဥပဒေ၊ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေသယံဇာတ စီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ ရေသယံဇာတ လုပ်ငန်းအဖွဲ့၊ မဲခေါင် - လန်ချန်းရေသယံဇာတ ပူးပေါင်းဆောင်ရွက်မှု ဗဟိုအဖွဲ့အစည်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းတလျှောက် ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်မှုနှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုအတွက်  ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

မြန်မာနိုင်ငံမှ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအနေဖြင့် မဲခေါင်မြစ်ကော်မရှင်မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်ခြင်း၊ လူငယ်ရေပညာရှင် သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ စောင့်ကြည့်တိုင်းတာရေး လုပ်ငန်းများတွင်  ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်