ရန်ကုန် ၃၁ ဇန်နဝါရီ

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ (၂၇)ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ The Strand Hotel ၌ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လမ်းမတော်မြို့နယ် အထက(၁) (ယခင်-စိန်ဂျွန်း)ကျောင်းတွင် (၂၄)ခုမြောက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် (၂၅)ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဝန်ကြီးများရုံးအနီးရှိ ဗိုလ်အောင်ကျော်လမ်းတွင် လည်းကောင်း၊ (၂၆)ခုမြောက် အပြာရောင်ကမ္ပည်းပြားကို အထက(၁) ပုဇွန်တောင်တွင်လည်းကောင်း တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် စနစ်တကျဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်သွားရန် ကြိုးပမ်းလျက်ရှိကာ အမှန်တကယ် ပြုပြင်နေသော အဆောက်အဦများကိုလည်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-ထိန်လင်း