နေပြည်တော် ၃၀ အောက်တိုဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) တို့ ပူးပေါင်း၍ (၂၇)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဦးဆောင် ကော်မတီအဖွဲ့၏ နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Royal ACE ဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ အာရှ-ပစိဖိတ်ဒေသတွင်း ဦးဆောင်ကော်မတီအဖွဲ့၏ ဥက္ကဋ္ဌ Prof.Dr.IgnasiusSutapa ၊ အာရှ-ပစိဖိတ်ဒေသတွင်း ဦးဆောင်ကော်မတီအဖွဲ့ အတွင်း ရေးမှူး Dr. YasutoTachikawa နှင့် UNESCO Jakarata Office မှ Dr. Hans Dencker Thulstrup တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံတကာ ဇလဗေဒ ပညာရှင်များနှင့် နိုင်ငံတွင်းရှိရေနှင့်ဆက်စပ်နေသည့် ဌာနအဖွဲ့အစည်းများမှ ပညာရှင်များက ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံအလိုက် အသုံးပြုနေသည့် ရေနှင့်ဆက်စပ်နေသော နည်းပညာရပ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ရေနှင့်ဆက်စပ် နေသောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်း၊ ဇလဗေဒ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ Catalogue များ ထုတ်ဝေနိုင်ရေး၊ နိုင်ငံတကာတွင် ရေနှင့် ဆက်စပ်နေသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးကြသည်။
နိုင်ငံတကာ ဇလဗေဒဆိုင်ရာ အစည်းအဝေးကို အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံ များရှိ မြစ်များ၏ ရေနှင့်ဆက် စပ်နေသည့် သတင်းအချက်အလက်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် သိပ္ပံနည်းကျ ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးကြသည့် သတင်းအချက်အလက်များကို အခြေခံ၍ ရေနှင့်ဆက်စပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာကိစ္စများဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဦးဆောင်ကော်မတီအဖွဲ့၏ နိုင်ငံတကာ ဇလဗေဒဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး (၂၈)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဦးဆောင် ကော်မတီအဖွဲ့၏ နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)



