သာစည် ၂၆ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျေးဇူးတော်ရှင် ဆရာတော်ဘဒ္ဒန္တ ပဏ္ဍိတမထေရ်မြတ်ကြီးအား  ရည်စူး၍  ၂၈  နှစ်မြောက် နှစ်ပတ်လည် ကုသိုလ်ပြုပွဲနှင့် ပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို   သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်  (အောက်တိုဘာ ၂၅)ရက် ညနေ ၅ နာရီက အဆိုပါကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

နှစ်ပတ်လည် ကုသိုလ်ပြုပွဲကို နံနက်ပိုင်း၌ ဘုန်းတော်ကြီးကျောင်းပေါင်း ၂၄ ကျောင်းမှ ဆရာတော်သံဃာတော် အပါး    ၃၅၀  ကျော်တို့အား  သံဃဒါနအရုဏ်ဆွမ်းများ  လောင်းလှူပြီး  ဆွမ်းခံကြွရောက်လာသော ဆရာတော်သံဃာတော်များကို နို့စိမ်းခေါက်ဆွဲများ ဆပ်ကပ်သည်။  ညနေပိုင်းတွင် နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်ကြသူများအား ကျောင်းတိုက်မှ မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးဧည့်ခံသည်။

 

နိဗ္ဗာန်ဈေးပွဲတော်တွင် နိဗ္ဗာန်ဈေးကုသိုလ်ရှင်များက ပွဲတော်လာပရိတ်သတ်များအား အကြော်စုံ၊ ကောက်ညင်းပေါင်း၊ မုန့်တီသုပ်၊ တို့ဟူးသုပ်၊ သစ်သီးဝလံများ ကော်ဖီ၊ လက်ဘက်ရည်၊ ကိတ်မုန့်၊ ဖျော်ရည်စသည်ဖြင့် စားသောက်ဖွယ်ရာမျိုးစုံတို့ဖြင့် မိမိတို့တတ်အားသ၍ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ကုသိုလ်ပြုကျွေးမွေးကြရာ ပွဲတော်လာသူများက မိမိတို့ကြိုက်နှစ်သက်ရာ အစားအသောက်များကို ပွဲတော်အတွင်းလှည့်လည်၍ ပျော်ရွှင်စွာစားသောက်ကြသည်။

 

ယခုနှစ်ပဉ္စမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်တွင် ကုသိုလ်ပြုအလှူရှင် ၆၀ ဦးရှိကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)