မကွေး ၃၀ ဒီဇင်ဘာ
ကဗျာ၊ ဂီတ၊ ပန်းချီနှင့် အနုပညာကို မြတ်နိုးစွာခံစားတတ်သူတိုင်း တက်ရောက်ခွင့်ရှိသည့် ၂၈ကြိမ်မြောက် ကျွန်းမကြီးကဗျာရွတ်ပွဲကို ဧရာဝတီတံတား(မကွေး)အထက်ဘက်ရှိ မြစ်လယ်ကျွန်းတွင် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၉၂ခုနှစ်မှစ၍ မကွေးမြို့နှင့် မင်းဘူးမြို့မှ ကဗျာဆရာများအစပြုခဲ့သည့် ကျွန်းမကြီးကဗျာရွတ်ပွဲများကို အခက်အခဲများစွာကြား၌ စဉ်လာမပျက်ကျင်းပခဲ့ပြီး ငွေရတုကဗျာရွတ်ပွဲမှစ၍ ပိုမိုကျယ်ပြန့်ကာ အနုပညာချင်း ဖလှယ်ခွင့်ရ၊ လူချင်းရင်းနှီးခွင့် ရကြသည့်အတွက် နိုင်ငံတစ်ဝှမ်းမှ အနုပညာရှင်ဦးရေ ၂၀ဝ ကျော် နှစ်စဉ်တက်ရောက်ခဲ့ကြသည်။
“ ပွဲလုပ်ဖို့ နေရာသတ်မှတ်ပြီးသွားပြီ။ တဲထိုးပြီးသွားပြီ။ အနုပညာကိုချစ်သူ မည်သူမဆို ပွဲတက်လို့ရပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ ဖျော်ဖြေလို့ရပါတယ်။ အနုပညာသမားဆိုတာက ပြည်သူထဲက ပြည်သူပဲဗျ။ ပြည်သူကို ကိုယ်စားပြုပြီး ရေးစပ်ထားတဲ့ ကဗျာတွေနဲ့ ပြည်သူနဲ့တစ်သားတည်း ဖြစ်တယ်လို့ပဲ ဆိုချင်တယ်ဗျ။ လူထုကြားထဲမှာရွတ်တဲ့ ကဗျာရွတ်ပွဲတွေလည်း ပေါ်ပေါက်လာစေချင်တယ် ” ဟု ကျွန်းမကြီးကဗျာရွတ်ပွဲကို အစပြုခဲ့သူတစ်ဦးဖြစ်သည့် ကဗျာဆရာ ထက်သစ် က ဆိုသည်။
ယမန်နှစ် ကဗျာရွတ်ပွဲ၌ ကဗျာရွတ်ဆိုခြင်းများအပြင် ပန်းချီဆရာကြီးဦးမျိုးညွန့်နှင့် ပန်းချီဆရာများက မဲပေါက် သူများကို ပုံတူပန်းချီးများရေးဆွဲပေးခြင်း၊ ဓါတ်ပုံပညာရှင်များ ရိုက်ကူးထားသည့် ကဗျာရွတ်ပွဲဓါတ်ပုံများကို ချိတ်ဆွဲပြသပြီး မဲဖောက်ပေးခြင်း၊ ဆရာမ စုမီအောင်နှင့် ကဗျာဆရာမများက ကဗျာဂီတများဖြင့် ဖျော်ဖြေခြင်း၊ ပါဖောမန့်ပြသခြင်းများပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း အလားတူအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကဗျာဆရာဧဇံ ထံမှ သိရသည်။
“ ကျွန်းမကြီးကဗျာရွတ်ပွဲမှ မသွားရင် ကဗျာဆရာမပီသသေးဘူး “ ဟု ကဗျာဆရာအတော်များများက သတ်မှတ် ထားကြပြီး ထင်ရှားကျော်ကြား ကဗျာဆရာများဖြစ်သည့် ဆရာမောင်သာနိုး၊ ဆရာမောင်သင်းခိုင် နှင့် ဆရာအောင်ဝေး တို့လည်း တက်ရောက်ချီးမြှင့်ခဲ့ဖူးကြောင်း၊ အနုပညာတန်းဝင်သူများအပြင် မျိုးဆက်သစ်ကဗျာဆရာများ၊ အနုပညာကို ချစ်မြတ်နိုးသူများ နှစ်စဉ်တက်ရောက်လေ့ရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ဇေယျတု(မကွေး)