နေပြည်တော်၊ မတ် ၁၇

(၂၈) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်၍ လယ်ယာထွက်ကုန် သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က တောင်သူများအနေဖြင့် အခြေခံလိုအပ်ချက် (၄) ချက်ရှိရာ အရင်း အနှီး၊ နည်းပညာ၊ စျေးကွက်နှင့် အခြေခံအဆောက်အဦဖြစ်ပြီး စျေးကွက်သည် အဓိက ကျကြောင်း၊ မိမိတို့စိုက်ပျိုးသည့် သီးနှံများ စျေးကွက်ရရှိရေးအတွက် သမားရိုးကျ ရောင်းဝယ်ကြခြင်းထက် တောင်သူအဖွဲ့အစည်းများဖွဲ့စည်း၍ စျေးကောင်းရရန်အတွက် ရောင်းချရန်လိုကြောင်း၊ တောင်သူများ စိုက်ပျိုးထုတ်လုပ်ရရှိလာသည့် သီးနှံများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ၊ အရည်အသွေး‌ကောင်းသည့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် နည်းပညာများနှင့် ပတ်သက်၍ သင်တန်းပို့ချပေးရန်လိုအပ်ကြောင်း၊ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံစုံစိုက်ပျိုးပြီး ဝင်ငွေတိုးတက်ရရှိစေရေး ကြိုးပမ်းကြစေလိုကြောင်း၊ ပြည်ပမှ မှာယူ တင်သွင်းနေရသည့် စားသုံးဆီကို ပြည်တွင်းဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများကို အထူးပြု စိုက်ပျိုးကြရန်လိုကြောင်း၊ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံ စိုက်ပျိုးရာတွင်လည်း ရေသွင်းရေထုတ် ကောင်းမွန်စေပြီး ပေါင်းနှိမ်နှင်းရန်လွယ်ကူကာ အထွက်နှုန်း တိုးစေနိုင်သည့် ပေါင်ကြီးတင်စနစ် (Broad Bed Furrow) ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ တောင်သူနည်းပညာပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စျေးကွက်ကို အခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ထွန်းကားလာစေရေးအတွက် အသိပညာပေး လုပ်ငန်းကို တစ်ပါတည်း တိုးမြှင့်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သုတေသီများအနေဖြင့် သီးနှံကာကွယ်ရေး နည်းလမ်းတစ်မျိုးဖြစ်သည့် သီးနှံဖျက် ပိုးထောင်ချောက်သီးနှံ စိုက်ပျိုးခြင်းနှင့် ပတ်သက်သည့် သုတေသနများကို တိုးမြှင့်လုပ် ဆောင်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အဆိုပါ (၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲတွင် လယ်ယာထွက်ကုန် သီးနှံများ၏ စျေးနှုန်းသတ်မှတ်ချက်များ၊ စျေးနှုန်းအပေါ် သက်‌ရောက်စေသော အချက်များ၊ သီးနှံပေါက်စျေးကို ဆုံးဖြတ်ပေးနိုင်သော ဝယ်လိုအားနှင့် ရောင်းလိုအား၏ သဘောတရားများ၊ စျေးကွက်ချဲ့ထွင်နိုင်သည့် နည်းလမ်းများ၊ သီးနှံများ၏ စျေးကွက် စျေးနှုန်း သတ်မှတ်ခြင်း၊ ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာ၏ သီးနှံအရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ လယ်ယာထွက်ကုန်သီးနှံများ ပြည်ပတင်ပို့မှုအခြေအနေနှင့် ‌စျေးကွက်အလားအလာများကို သက်ဆိုင်ရာပညာရှင်များက တင်ပြဆွေးနွေးကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြသည်။

ထို့ပြင် ဒုတိယဝန်ကြီးက တောင်သူကိုယ်တိုင် မိုလ်ဘိုင်းဖုန်းအသုံးပြု၍ နည်းပညာ နှင့်စျေးကွက် သတင်းအချက်အလက်များရရှိစေရန် စနစ်ကိုအကောင်အထည်ဖော်ကြရန် လိုကြောင်း၊ သီးနှံများ၏ ကုန်စျေးနှုန်းများကို အချိန်နှင့်တ‌စ်ပြေးညီ သိရှိနိုင်ရန် သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှာဖွေလေ့လာနိုင်မည့် ဝဘ်ဆိုဒ်များကို လေ့လာနိုင်ကြစေရန် ကျေးရွာအရောက် တောင်သူ့အသုံးချ ဆက်သွယ်ရေး နည်းပညာသင်တန်းများ ပို့ချပေးခြင်းကို နေပြည်တော် ကောင်စီနယ်မြေတွင် စံပြအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်