နေပြည်တော် ဇန်နဝါရီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက (၂၉)ကြိမ်မြောက် အဖြစ် ကျင်းပရာ “တိုင်းဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်ယာကဏ္ဍ တိုးတက်ရေးဆောင်ရွက်မှုနှင့် သုံးသပ်ချက်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ချက်များ ကို ကူညီပံ့ပိုးပေးနိုင်ရန် နိုင်ငံတော်က အရင်းမပျောက် မတည်ငွေအဖြစ် ငွေကျပ် ၂၃၀ ဘီလီယံထောက်ပံပေးအပ်ခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ပဲတီစိမ်းနှင့်နွေ စပါးစီမံကိန်း၊ မိုးစပါးစီမံကိန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး တောင်သူ များအတွက် ထိုက်သင့်သော အကျိုးအမြတ်များ ရရှိခဲ့သည်ကို ကွင်းဆင်းစီစစ်သိရှိရပါ ကြောင်း၊ ဆက်လက်၍ ၂၀၂၄ ခုနှစ် နွေစပါးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် ရန် စီစဉ်ပြီးဖြစ်ကြောင်း ။
ထို့အပြင် ငွေကျပ် ဘီလီယံ၁၀၀ ဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းကို လည်း တိုင်းဒေသကြီး ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၊ လက်ရှိတွင် ငွေကျပ် ၅၆ ဘီလီယံကျော် အသုံးပြုထားပြီး ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့်လည်း ငွေကျပ် ဘီလီယံ ၂၀ ဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် လုပ်ငန်းကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူ အားလုံးကိုယ်စီ အကျိုးအမြတ် ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစီအစဉ်မှူးအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသီ က တာဝန်ယူ ဆောင်ရွက်ပြီး စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။
(၂၉)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြည်နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးစီမံကိန်း၊ မွေးမြူရေးစီမံကိန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရင်ဆိုင် ဖြေရှင်း ခဲ့သည့်နည်းလမ်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်ပဲတီစိမ်း၊ နွေစပါးနှင့် မိုးစပါးစီမံကိန်းများတွင် စီမံကိန်းစိစစ်သုံးသပ်မှုမှ တွေ့ရှိချက်များ၊ သုံးသပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်