မကွေး ၂ နိုဝင်ဘာ
တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အသက်(၁၂)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် (၂)နှစ်ဆက်တိုက်ချန်ပီ ယံဆု ရရှိခဲ့သည့် မကွေး U-12 ဘောလုံးအသင်းအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ က ဂုဏ်ပြုချီးမြှင့်မှုများ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ၊ သုဝဏ္ဍမြက်ခင်းတုတွင် အသင်း(၁၇)သင်း ပါဝင်ယှဉ်ပြိုင်ပြီး ချန်ပီယံဖြစ်ခဲ့သည့် မကွေးအသင်း မှာ ဆုကြေးငွေ(၁၅)သိန်းကျပ် ၊ ချန်ပီယံဆုဖလားနှင့် ပွဲစဉ်တစ်လျောက်အကောင်းဆုံး ဘောလုံးသမားဆုတို့ကို ချီးမြှင့်ခံခဲ့ရပြီး မကွေးတိုင်းအစိုးရအဖွဲ့မှ ထပ်မံဂုဏ်ပြုချီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အခြေခံပညာကျောင်းများမှ ရွေးချယ်ထားသည့် အားကစားသမား (၁၆)ဦးအား တစ်ဦးလျင် တစ်သိန်းကျပ် ၊ ချက်ပြုတ်ကျွေးမွေးသူ(၃)ဦးအား တစ်ဦးလျင် ၅ သောင်းကျပ် ၊ အုပ်ချုပ်နည်းပြ (၄)ဦး အား တစ်ဦးလျင် ၂ သိန်းကျပ်စီနှင့် အဝတ်အထည်များ စုစုပေါင်း ငွေကျပ် ၂၅ သိန်းခွဲ နှင့် လက်ဆောင်ပစ္စည်းများကို ဝန်ကြီးချုပ် ကိုယ်တိုင် ချီးမြှင့်ဂုဏ်ပြုပေးအပ်ခဲ့သည်။
“အသက် ၁၂နှစ်အောက်မှာ ဆုရတာ သုံးကြိမ်ရှိပါပြီ။ ၂၀၁၂ ခုနှစ်တုန်းက ဒုတိယပဲရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကျောင်းအဆင့်အားကစားပြိုင်ပွဲတွေ နဲ့ လေ့ကျင့်မှုတွေ များများလုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံအဆင့်အားကိုးရတဲ့ ကစားသမားတွေ ပေါ်ထွက်လာမှာပါ ” ဟု အသင်း အဖွဲ့ခေါင်းဆောင် ဆရာ ဦးသောင်းဌေး က ပြောသည်။
ဝန်ကြီးချုပ်က မကွေးတိုင်းမှ ပညာရေး ၊ သာသနာရေး ၊ နိုင်ငံရေး(လွတ်လပ်ရေး) စသည့် ကဏ္ဍအသီးသီး တွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များစွာထွက်ပေါ်ခဲ့ကြောင်း၊ ကာယ၊ ဉာဏဖွံ့ဖြိုးရန် နို့၊ အသား၊ ပဲ စသည့် အာဟာရဖြစ်စရာများကို များများစားရန်လိုအပ်ကြောင်း ပြောကြားခဲပြီး အားကစားများသမားများက မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)