မကွေး ၂၃ ဇွန်

ပြည်သူများကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသော်လည်း ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ၂၀၁၉ခုနှစ် ဇွန်လ(၂၁) ရက်နေ့အထိ (၂)နှစ်တာကာလအတွင်း မကွေးတိုင်း၌ H1N1 ရောဂါပိုးရှိသူမတွေ့ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

 

5648

 

“ ၂၀၁၈ နဲ့ ၂၀၁၉ ထဲမှာ H1N1 နဲ့ပတ်သက်တဲ့ Reported Case မရှိသေးပါဘူး။ ရာသီတုပ်ကွေး၊ ပြင်းထန်တုပ်ကွေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု သတင်းပို့ တဲ့စနစ် အားကောင်းအောင် ရုံးချုပ်ရဲ့ညွှန်ကြားချက်နဲ့  ဆောင်ရွက်ထားပါတယ် ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

ရန်ကုန်နှင့်မုံရွာမြို့ကြီးများတွင် H1N1 ကြောင့် သေဆုံးမှုများရှိနေသည့်အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်မှု များရှိနေပြီး ၂၀၁၇ခုနှစ်က မကွေးတိုင်း၌ H1N1 Positive (၁၄)ဦး၊ သေဆုံးသူ(၂)ဦးရှိခဲ့သည့်အတွက်  ရောဂါရှိ၊ မရှိ ချက်ချင်းစစ် ဆေး၍ရသည့် RTT ပစ္စည်းများနှင့် လိုအပ်သည့်ဆေးဝါးများကို တိုင်းအတွင်း ဖြန့်ဖြူးပေးထားလျက်ရှိကြောင်း ဒေါက်တာ ခင်မောင်သန်း ထံမှ သိရသည်။

အဖြစ်များသည့် တုပ်ကွေးမျိုးစိတ်သုံးမျိုးကို ကာကွယ်ပေးသည့် ထိုးဆေးများမှာ ငွေကျပ်နှစ်သောင်းနှင့် သုံးသောင်းကျပ်ဝန်းကျင်ပေါက်ဈေးရှိသည်ဟုသိရပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးအခမဲ့ထိုးပေးသည့် အစီအစဉ်မရှိသေးကြောင်း၊ ကာကွယ်ဆေးလုံလောက်မှုရှိနိုင်၊ မရှိနိုင်ဆိုသည်ကိုလည်း ပြင်ပဆေးအရောင်းဆိုင်များ၌ ရောင်းချနေခြင်းဖြစ်သောကြောင့် ဌာနအနေဖြင့် မသိနိုင်ကြောင်း ဒေါက်တာခင်မောင်သန်း က ရှင်းပြသည်။

ပြင်းထန်အဆင့်မရောက်သေးသည့် ရာသီတုပ်ကွေးဖြစ်ပါက နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အရိုးအဆစ်များကိုက်ခဲခြင်း၊ လည်ချောင်းနာ၍ တံတွေးမြိုရခက်ခြင်း လက္ခဏာများတွေ့ရှိရပြီး ပြင်းထန်တုပ်ကွေးအဆင့်တွင် အသက် ရှူကြပ်ခြင်း၊ အဖျားကြီးခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း ၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ကာ လက်ကိုစင်ကြယ်အောင်ဆေးခြင်း ၊ အိပ်ရေးဝအောင်အိပ်ခြင်း ၊ အာဟာရဖြစ်အောင်စားသောက်ခြင်းများမှာ ရောဂါမဖြစ်ပွားရန်  အကောင်းဆုံးကာကွယ်မှုများဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

ဇေယျတု(မကွေး)