ရန်ကုန် ၁ နိုဝင်ဘာ
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ကြီးမှူးကျင်းပသည့် The 2nd International Conference on Advanced Information Technologies ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများမှ ပညာရှင်များ၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သုတေသနကျောင်းသားများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာကွန်ပျူတာဖက်ဒရေးရှင်း ဥက္ကဋ္ဌ ဦးခွန်ဦး၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးနှင့် ပါမောက္ခ ဒေါက်တာအောင်ထိန်မော်တို့က အမှာစကားများ ပြောကြားကြသည်။
ညီလာခံတွင် သဘာပတိအဖြစ် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ဧည့်ပါမောက္ခဖြစ်သူ ဂျပန်နိုင်ငံမှ Prof. Koichiro Ochimizu က ဆောင်ရွက်ပြီး အီတလီနိုင်ငံ Politecnico di Milano မှ Prof. Carlo Ghezzi က “Software Engineering for Cyber-physical Spaces” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဂျပန်နိုင်ငံ Japan Advanced Institute of Science and Technology မှ Prof. Hiroyuki lida က “Deep Blue, Tacos, AlphaGo and More” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားသည်။
ညီလာခံ ကျင်းပရခြင်းနှင့်ပတ်သက်၍ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “နိုင်ငံတကာက IT ပါမောက္ခတွေ၊ သုတေသနပညာရှင်တွေနဲ့ မြန်မာနိုင်ငံက တက္ကသိုလ်အသီးသီးမှာ သုတေသန ပြုလုပ်နေတဲ့ Ph.D သင်တန်း ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ တွေ့ဆုံပြီး စိတ်ကူးအကြံဉာဏ်တွေကို မျှဝေနိုင်ဖို့ ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ Japan Advanced Institute of Science and Technology နဲ့ ပူးပေါင်းပြီး ၂၀၁၅၊ ၂၀၁၆ ခုနှစ်မှာ ပူးပေါင်းပြီး နှစ်နှစ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့အပေါ် အခြေခံပြီး သုတေသနတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်တာ ဆွေးနွေးပွဲက အတွေ့အကြုံတွေကိုယူပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ညီလာခံ ပထမအကြိမ်ကို ကျင်းပနိုင်ခဲ့တယ်။ အခု ဒါက ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပါတယ်။ ဒုတိယအကြိမ်ဖြစ်တဲ့အတွက် နိုင်ငံတကာ စာတမ်းတွေ ဒီထက်ပိုမိုရလာနိုင်ပါတယ်”ဟု ပြောသည်။
သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကွန်ပျူတာစနစ်နှင့် နည်းပညာ မဟာဌာန ပါမောက္ခ ဒေါက်တာအောင်ထိန်မော်က “အခု ဒုတိယအကြိမ်အထိ နှစ်နှစ်ဆက်တိုက် အစီအစဉ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ဒီလိုညီလာခံတွေ လုပ်ခြင်းအားဖြင့် နိုင်ငံတကာက စာတမ်းတွေ ပိုရလာနိုင်တယ်၊ ပိုများလာမယ်၊ ကျွန်တော်တို့ဆီက သုတေသနလုပ်နေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် စာတမ်းတွေရဖို့ အခွင့်အလမ်းပိုများလာမယ်၊ ဒီညီလာခံက တက္ကသိုလ်တွေရဲ့ သုတေသနလုပ်ငန်းကို အဓိကအခြေခံတာဖြစ်တဲ့အတွက် ကောင်းမွန်ပါတယ်။ တက္ကသိုလ်အတွက် ဂုဏ်ယူပါတယ်။ ဒီလိုညီလာခံတွေ ရေရှည်ပူးပေါင်း လုပ်ဆောင်သွားဖို့ တက္ကသိုလ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါညီလာခံကို နိုဝင်ဘာ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စာတမ်းပေါင်း ၂၄ စောင်၊ နိုင်ငံတကာမှ ပညာရှင်များ၏ စာတမ်း ၃ စောင်၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုစာတမ်း ၄ စောင်တို့ကို တင်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - လှမိုး