ရန်ကုန် ၂၁ ဒီဇင်ဘာ

 

တရုတ်နိုင်ငံမှ ပိုးလမ်းမနိုင်ငံများဆိုင်ရာ ဓာတ်ပုံအဖွဲ့အစည်းမှ ဦးစီး၍ ကလေးငယ်များအား မိမိနိုင်ငံသဘာဝအလှအပများနှင့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓာတ်ပုံများပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကလေးငယ်လေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်အပါအဝင် ယှဉ်ပြိုင်သူအားလုံး ဆုများရရှိခဲ့၍ ယနေ့နံနက်ပိုင်းတွင် ဆုရရှိသူတို့အား ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ နှင်းဆီကွန်ဒို Nikon Myanmar တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

နိုင်ငံပေါင်း(၆၅)နိုင်ငံမှ ပြိုင်ပွဲဝင်(၉၀ဝဝ)ကျော်တွင် ဓာတ်ပုံ(၁)သိန်းကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ကလေး(၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မောင်အောင်ခန့်ကျော် (၁၂)နှစ်က ရွှေတံဆိပ်ဆုနှင့် အထူးဆု(၂)ဆု၊ မောင်အောင်ခန့်စဉ် (၁၂)နှစ်၊ မောင်ထက်ခိုင် (၁၃)နှစ်နှင့် မောင်မင်းပြည့်စုံခန့် (၁၃)နှစ်တို့က တတိယဆုနှင့် အထူးဆု(၂)ဆုတို့ အသီးသီးရရှိခဲ့သည်။

 

mdn

 

မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ်ကစတင်၍ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ လေ့ကျင့်သင်ကြားမှုဖြင့် ကလေးငယ်(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုအသီးသီးရရှိခဲ့ပြီး ယခုနှစ်တွင် ထိုကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲတွင်လည်း မောင်ထက်ခိုင်(၁၃)နှစ်က တစ်နိုင်ငံလုံးတွင် တတိယဆုရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း(၆၅)နိုင်ငံမှ အသက်(၈)နှစ်မှ (၁၅)နှစ်၊ (၁၆)နှစ်မှ (၂၂)နှစ် ကလေးနှင့် လူငယ်များကို ဓာတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ်ယှဉ်ပြိုင်လျက်ရှိရာ ယခုပြိုင်ပွဲအား ဇွန်လပိုင်းမှ စတင်ဖိတ်ခေါ်၍ အောက်တိုဘာလနောက်ဆုံး သတ်မှတ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ HOME ဟူသောခေါင်းစဉ်ဖြင့် ယူနက်စကိုစာရင်းဝင် ပုဂံဒေသရှိ ရှေးဟောင်းဘုရားအတွင်း ကိုရင်ငယ်နှစ်ပါး စာဝါလိုက်နေသောပုံဖြင့် ရွှေတံဆိပ်အသိအမှတ်ပြုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 

“တရုတ်နိုင်ငံ ဘေကျင်းမှာ ရွှေရခဲ့တဲ့ မောင်အောင်ခန့်ကျော် ဆုသွားယူရပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံ တစ်သိန်းကျော်မှာ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်ရခဲ့တာပါ။ မနှစ်က နှစ်ဦးပြိုင်ရာမှာလည်း တတိယဆုရခဲ့တယ်။ ဒီနှစ်လေးယောက်ကို နှစ်ပတ် စာတွေ့နဲ့ ကျန်နှစ်ပတ်ကို ပြင်ပလက်တွေ့အဖြစ် ကျွန်တော်နဲ့ မစိုး(မြန်မာ)တို့က သင်ကြားပေးပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။ ဓာတ်ပုံပညာကို လူငယ်မျိုးဆက်သစ်တွေ စိတ်ဝင်စားလာတာဟာ ဝမ်းသာစရာပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကမ္ဘာကိုပြသဖို့ ပညာရှင်ကောင်းတွေကို မွေးထုတ်ရာမှာ မြန်မာနိုင်ငံဓာတ်ပုံအသင်းအနေနဲ့ ကျိုးစားပြီး ဆောင်ရွက်နေပါတယ်”ဟု နည်းပြ ကိုတင်အောင်ငြိမ်း(မန်းတက္ကသိုလ်)က ပြောသည်။

 

ပိုးလမ်းမနိုင်ငံများဆိုင်ရာ ဓာတ်ပုံအဖွဲ့အစည်းမှ ကမ္ဘာ့လူငယ်ဓာတ်ပုံပွဲတော်ကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ ဆုရရှိသောနိုင်ငံများမှ ကလေးငယ်များအား Silk youth International Photography Competition ပထမဆုရွှေနှင့် တတိယဆုအတွက် Bound award ဆုတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့တွင် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ လေ့ကျင့်သင်ကြားပေးမှုနှင့်အတူ Nikon Myanmar မှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - သန်းစိုး - သန်းထိုက်