၂ဝ၁၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၁၆၀ဝ၀ဝ ကျော်ကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် (၃က)အမျိုးအစား အသက်(၁ဝ)နှစ်ပြည့်၊ (၆က) အမျိုးအစား အသက်(၁၈)နှစ်ပြည့်၊ (၆/၇)အမျိုးအစား နိုင်ငံသား အရည်အချင်း ပြည့်မီကြောင်း စိစစ်ပြီးသောသူ၊ စသည်တို့အပြင် စိစစ်ရေးကတ်ပြား လဲလှယ်၊ ပျောက်ပျက်၊ မိတ္တူ အပါအဝင် စုစုပေါင်း (၁၆၇ဝ၆ဝ)ခုကို လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပသည့်  အသက်(၁ဝ)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

''စီမံချက်အနေနဲ့ နှစ်အလိုက် ရည်မှန်းချက်၊ လျာထားချက်တွေ ပေးပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလည်း ဆက်လက်လုပ်ဆောင်နေအုံးမှာပါ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ် (၃၇) မြို့နယ် ရှိပါတယ်၊ ခရိုင်(၁ဝ)ခုနဲ့ ဖွဲ့စည်းထားပါတယ်၊ ဝေးလံခေါင်းပါးတဲ့ နာဂဒေသအပါအဝင် အခုလိုပဲ ကွင်းဆင်းလုပ်ဆောင်ပေးလျက် ရှိပါတယ်၊ အဲဒီလို လုပ်ပေးတဲ့အထဲမှာ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းဖွင့် ရာသီမကုန်ခင်အထိ ကျောင်းတွေမှာ ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနေပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောသည်။

 

၂ဝ၁၈ ခုနှစ်အတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၇)မြို့နယ်တွင် ၃(က)အမျိုးအစား အသက်(၁ဝ)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၆၄၆၃) ခု၊ ၆(က) အမျိုးအစား အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅၄၈၄)ခု၊ (၆/၇)အမျိုးအစား နိုင်ငံသားအရည်အချင်း ပြည့်မီကြောင်း စိစစ်ပြီးသောသူ (၃၁၃၂)ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသစ်လဲလှယ်ခြင်း(၂၅၉၂၁) ခု၊ မိတ္တူလျှောက်ထားခြင်း (၃၆ဝ၆ဝ)ခု ရှိခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)