ရန်ကုန် ၃၀  စက်တင်ဘာ

 

၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel တွင် စက်တင်ဘာလ (၃ဝ)ရက်၊ နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် သင်တန်းဆရာများ၊ ရေကြောင်းဘက်ဆိုင်ရာဌာနအသီးသီးမှ အကြီးအကဲများ၊ ဒေသတွင်းနိုင်ငံများမှ တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အစီအစဉ်အရ အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးကျော်မျိုးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ပင်လယ်ရေကြောင်းဘက်ဆိုင်ရာ သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စများအပေါ် အထူးဂရုပြု ဆောင်ရွက်လာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်အတွက် ဆောင်ပုဒ်မှာ "ပင်လယ်ရေကြောင်းလုပ်ငန်း အဖွဲ့အစည်းများတွင် အမျိုးသမီးများအား ပိုမို လုပ်ပိုင်ခွင့်ပေးရေး (Empowering Women in the Maritime Community)" ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းလုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများတွင် ကျား/မခွဲခြားမှုများကို  လျော့ကျစေရန်အတွက် ဦးစားပေး ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။

 

ယခုနှစ်တွင် ထူးခြားမှုတစ်ခုအဖြစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့၌ MTCC Asia မှ ကြီးမှူးသော Second Regional Workshop ကို IMO ၏ MARPOL Convention Annex VI အား အကောင်အထည်ဖော်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲသည် သင်္ဘောလုပ်ငန်းမှ Green House Gas Emission လျော့ချနိုင်ရန်နှင့် သင်္ဘောသုံးစွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပါ ကြောင်း၊ သို့ပါသောကြောင့် ဤအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသတွင်းနိုင်ငံများရှိ ရေကြောင်း အာဏာပိုင်များနှင့် ဆိပ်ကမ်းအာဏာပိုင်များမှ ပုဂ္ဂိုလ်များကို တွေ့ရှိရသည့်အတွက် အထူးအဖြင့် IMO ၏ MARPOL Convention Annex VI ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရှိရ၍ ဝမ်းမြောက်မိပါကြောင်း။

 

ယခုနှစ် ဤအခမ်းအနားတွင် MEPSEA Project ကို အကောင်အထည်ဖော်ရန်အတွက် National Training Delivery course ၏ ဖွင့်ပွဲအခမ်းအနားလည်း ပါဝင်သည်ကိုတွေ့ရှိရပါကြောင်း၊ ၄င်း Project အရ အဖွဲ့ဝင်နိုင်ငံများဖြစ်သော အရှေ့တောင်အာရှနိုင်ငံများသည် IMO ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Convention များကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ သို့ပါသောကြောင့် မြန်မာ နိုင်ငံအနေဖြင့်လည်း IMO ၏ ဦးစားပေး Convention များဖြစ်သော MARPOL Convention နှင့် Ballast Water Management Convention တို့ကို လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်မည်ဖြစ်ပါကြောင်း၊ ဤ MEPSEA Project (Marine Environment Protection of the South - East Asian Seas) ၏ ထူးခြားချက်မှာ အာရှရေကြောင်း ဘက်ဆိုင်ရာအမျိုးသမီးများအဖွဲ့ (Women in the Maritime Asia) ကို Project တွင် မဟာ ဗျူဟာမြောက် မိတ်ဘက်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုထားပါကြောင်း။

 

ယနေ့မြန်မာ့ပင်လယ်ရေကြောင်း သင်္ဘောလုပ်ငန်းများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းတက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေသိပ္ပံကျောင်းဆင်း အမျိုးသမီးများသည် စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ပေးနိုင် သူများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

 

ကမ္ဘာ့ရေကြောင်းသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေသော သင်္ဘောသားများမှာ ၁.၂ သန်း ခန့်ရှိပြီး ယင်းတို့ထဲတွင် အမျိုးသမီးများအနေဖြင့် ၂ % သာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအမျိုး သမီးသင်္ဘောသားများအနေဖြင့် Cruiseship တွင် ၉၄ % မျှနှင့် ကုန်တင်သင်္ဘောများတွင် ၆ % တာဝန် ထမ်းဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါတွင် မိမိတို့နိုင်ငံမှ အမျိုးသမီးသင်္ဘောသားများအတွက် ဥပဒေကြောင်းအရ တရားဝင်ထမ်းဆောင်ခွင့်ရရန် အခွင့်အလမ်းများ ရှိလာတော့မည်ဖြစ်ပါကြောင်း။

 

ယခုနှစ် World Maritime Day ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများကို ရေကြောင်းလုပ်ငန်းများရှိ အစိုး ရဌာနများ၊ ဆိပ်ကမ်းအာဏာပိုင်နှင့် သင်္ဘောလုပ်ငန်းများတွင် ကျား/မ ခွဲခြားမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလေးအနက်ထား၍ ပြောကြားခဲ့သည်။

 

ထို့နောက် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် ဆောင်ပုဒ်ဖြစ်သော "ပင်လယ်ရေ ကြောင်းလုပ်ငန်းအဖွဲ့အစည်းများတွင် အမျိုးသမီးများအား ပိုမိုလုပ်ပိုင်ခွင့်ပေးရေး (Empowering Women in the Maritime Community)" နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ IMO ၏ အထွေထွေအတွင်း ရေးမှူးချုပ်မှပေးပို့လာသော သဝဏ်လွှာဗွီဒီယိုဖိုင်နှင့် မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အခြေအနေများအား ပေါ်လွင်ထင်ဟပ်စေရန် ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင် Powerpoint Presentation များအား ပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍ IMO မှ Dr. Jose Thomas Matheickal နှင့် တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ၄င်းနောက် MTCC Asia Prof. Jin Yongxing Chairman က အမှာစကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသော ရေကြောင်းကဏ္ဍလှုပ်ရှားမှုများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း ပြသပါသည်။ ၄င်းနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်