နေပြည်တော် မတ် ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဧပြီ (၂၆) ရက်တွင် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ကမ္ဘာ့ မူပိုင်ခွင့်နေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် "Building Our Common Future with Innovation and Creativity” ခေါင်းစဉ်ဖြင့် Animation၊ ကွန်ပျူတာပိုစတာနှင့် TikTok ပြိုင်ပွဲများအား မြန်မာနိုင်ငံသား တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို မူပိုင်ခွင့်ဦးစီးဌာန website ၏ သတင်းများ(news) Menu အောက်ရှိ ပြိုင်ပွဲဖိတ်ခေါ်ခြင်းစာမျက်နှာဖြစ်သည့် https:// www.ipd.gov.mm /news/post-97 လင့်ခ်တွင် အသေးစိတ် လေ့လာနိုင်ကြောင်းနှင့် ပြိုင်ပွဲဝင် "Animation ၊ ကွန်ပျူတာပိုစတာနှင့် TikTok" လက်ရာများ၏ Hard copy ကို မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှလည်းကောင်း၊ Soft Copy များကို [email protected] သို့ လည်းကောင်း ၂ဝ၂၄ ခုနှစ်၊ ဧပြီ (၉) ရက် မွန်းလွဲ ၃ နာရီတွင် နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ရမည် ဖြစ်သည်။
ဆုများကို သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုတို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)