ရန်ကုန် ၁၂ မတ်

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ ကရာတေး ကစားနည်း ၁၃ နည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

”ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦိး ပဏာမ ရွေးချယ်ထားပြီး မြန်မာနည်းပြနှစ်ဦးနဲ့ စခန်းသွင်းလေ့ကျင့်နေပါတယ်။ ဧပြီ ၁၀ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရှေ့တောင်အာရှ ကရာတေးအဖွဲ့ချုပ်က ကျင်းပမယ့် (SEAKF) ကရာတေးပြိုင်ပွဲမှာ ဆီးဂိမ်းကို အလားအလာရှိတဲ့ ကစားသမားများကိုရွေးပြီး သွားရောက် ယှဉ်ပြိုင်မယ်။ ဒါ့အပြင် ဇူလိုင်မှာ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမယ့် စီနီယာချန်ပီယံရှစ်ပြိုင်ပွဲ ရှိ်တယ်။ အဲ့ဒီပြိုင်ပွဲကလည်း စီနီယာလည်းဖြစ်တယ်၊ အာရှအဆင့်ဖြစ်တယ်။ လေ့ကျင့်ထားတဲ့ အစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်မယ်။ မြင့်တဲ့ပြိုင်ပွဲတွေ ဖြစ်တဲ့အတွက် ဆီးဂိမ်းပြိုင်ပွဲကျရင် ပိုကောင်းတာပေါ့ဟု” မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။ 

 

ထို့ပြင် ပြည်တွင်းပြိုင်ပွဲတွေက ဇွန်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားရှိမယ်။ အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းမယ်။ အလားအလာမရှိတဲ့ ကစားသမားတွေကိုထုတ်ပြီး အလားအလာရှိတဲ့ ကစားမားကို ထပ်ပေါင်းပြီး လုပ်သွားမယ်။ ဒါ့ပြင် သြဂုတ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲမှာ လက်ရှိ လက်ရွေးစင် Level မရောက်သေး၊ မဖြစ်ဘူးတဲ့ ကစားသမားတွေ ရှိတယ်။ သူတို့တွေ ဝင်ပြိုင်ခွင့်ရှိတော့ ဝင်ပြိုင်ကြမယ်။ အဲ့ဒီမှာ အလားအလာရှိတဲ့ ကစားသမားတွေကို ဆီးဂိမ်းအတွက် ပြင်ဆင်သွားမယ် ဟု ၄င်းက ဆက်လက်ပြောကြားသည်။  

 

(၃၀)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကရာတေး အားကစားနည်း ၁၇ နည်း သတ်မှတ်ထားရာ အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက ကရာတေးကစားနည်း ၁၃ နည်း ထည့်သွင်းထားကြောင်း သိရသည်။  

 

မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်သည် (၂၉)ကြိမ်မြောက် အရှေ့တောင် အားကစားပြိုင်ပွဲတွင် ကရာတေး ကစားနည်း ပါဝင်ရောက်ယှဉ်ခွင့် မရခဲ့၍ ယခုဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာကရာတေး ကစားသမားများ ဆုတံဆိပ်များ မျှော်မှန်ထားကြောင်းသိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ကေအေလင်း