နေပြည်တော်   ၂၆  စက်တင်ဘာ

 

30th SEA Games Organizing Committee သို့ By Name အမည်စာရင်းများသတ်မှတ် အချိန်မီပေးပို့နိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် 30th SEA Games အား ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံပြီး နိုဝင်ဘာလ(၃၀)ရက်မှ ဒီဇင်ဘာ(၁၀) ရက်အထိ ကျင်းပမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပြိုင်ပွဲဝင်နိုင်ငံအနေနှင့် ပြိုင်ပွဲဝင်အမည်စာရင်း အပြီးသတ် ပေးရန်အချိန် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဖွဲ့ချုပ်များအနေဖြင့် 30th SEA Games ဝင်ရောက်ယှဉ်ပြိုင် မည့် လူစာရင်းအား ယခုလအစည်းအဝေး၌ နောက်ဆုံးအတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲဝင်အမည်စာရင်းပေးရာတွင် လူရွေးချယ်မှုကို မည်သို့မူဝါဒ မည်သည့်ပုံဖြင့် ရွေးချယ်ခဲ့ရသည်ကို ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲရွေးချယ်စေလွှတ် ယှဉ်ပြိုင်သူသည် ဆုတံဆိပ်ရရှိရန် အခြေ အနေကို ရှင်းလင်းပြောကြားရန်လိုအပ်ကြောင်းနှင့် ပြိုင်ပွဲစေလွှတ်ရန် ရွေးချယ် ရာ၌ ဆုတံဆိပ်ရရှိနိုင်သူကို စံချိန်စံညွန်းများကြည့်ရှုကာ ရွေးချယ်စေလွှတ်ရန် လိုအပ်ကြောင်း၊ လိုက်ပါ တာဝန်ယူဆောင်ရွက်မည့် အုပ်ချုပ်/နည်းပြများကို သေချာစိစစ်ရွေးချယ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ထို့နောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ မှ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် နည်းပြ/အုပ်ချုပ်သူ၊ ကစားသမား အရေအတွက်စာရင်းများကို အသီးသီးရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် အဖွဲ့ချုပ်ဥက္ကဋ္ဌများက ပြိုင်ပွဲတွင်ကိုယ်တိုင် ကြပ်မတ်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှသည် တတ်နိုင်သရွေ့ အကောင်းဆုံးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ယနေ့ထိ မြန်မာနိုင်ငံမှ အားကစား နည်း(၃၁)နည်း၊ အုပ်ချုပ်/နည်းပြ၊ အားကစားသမား(၅၀ဝ)ကျော်ခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn