နေပြည်တော် ဇူလိုင် ၁၂
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး (၁၂) မြို့တွင် အားကစား နည်း (၄၀) ဖြင့် ကျင်းပရန် စီစဉ်သတ်မှတ်ထားခဲ့သော်လည်း လက်ရှိကမ္ဘာနှင့် အဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေအရ လာမည့်နှစ်အတွင်း ပြောင်းလဲကျင်းပနိုင်ရေး အိမ်ရှင်နိုင်ငံမှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၈) ရက်တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် SEAGF Office အစည်းအဝေးတွင် ပြောင်းလဲကျင်းပမည့်ရက်ကို ပြန်လည် ကြေညာသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးတွင် ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်မှ မေလ ပထမပတ်အတွင်း ကျင်းပပေးရန် အဆိုပြုခဲ့ကြသော်လည်း အိမ်ရှင် ဗီယက်နမ်နိုင်ငံ အနေဖြင့် အစိုးရအဖွဲ့သို့ တင်ပြပြီးမှသာ အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အားကစားနည်း (၄၀) ထည့်သွင်းကျင်းပသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားနည်း (၁၈) မျိုးကိုသာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အားကစား နည်း (၄၀) အတွက် ဆုတံဆိပ် (၅၂၉) ခု ချီးမြှင့်သွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၈) နည်း အတွက် ဆုတံဆိပ် (၂၈၁) ခုအတွက်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်