(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းမှ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိ

ဗီယက်နမ် မေ ၁၅

 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun (နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ရွှေတံဆိပ် ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကိုယ်စားပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်ပြီး မွန်းလွဲပိုင်း ပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ 60 kg ပြိုင်ပွဲတွင် မစုလှိုင်ဝင်းက ငွေတံဆိပ်တစ်ခု၊ 52 kg ပြိုင်ပွဲ တွင် မချယ်ရီသန်းနှင့် 70 kg ပြိုင်ပွဲတွင် မောင်မျိုးမင်းထက်တို့က ကြေးတံဆိပ်တစ်ခုစီကို လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။

 

ထို့နောက် ညနေပိုင်းတွင် Phu Tho မြို့ရှိ Viet Tri ဘောလုံးအားကစားကွင်း၌ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားကြရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို တစ်ဂိုး- သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ Cam Pha ဘောလုံး အားကစားကွင်း၌ အမျိုးသမီးဘောလုံး အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လု ပွဲသို့ တက်ရောက်သွားသည်။

 

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ မြားပစ်၊ ဘိလိယက်၊ စစ်တုရင်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်၊ ဘော်လီဘော၊ ဝူရှူးနှင့် ကာယဗလကာယ အလှအားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ကစားကြပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာ အားကစားအဖွဲ့များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြည့်ရှုအားပေးသည်။

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ယနေ့အထိ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု နှင့် ကြေးတံဆိပ် ကိုးခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၁၈ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့် (၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်