ကိုဌေး(ကနောင်)

(ယမန်နေ့မှ အဆက်)

(၃)လူထုအားကစားလှုပ်ရှားမှုများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ရေး

လက်ရှိအနေအထားအရ ယခင်တုန်းကကဲ့သို့ လူထုအားကစားလှုပ်ရှားမှုများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ခြင်း မရှိသည်ကို မြင်တွေ့နေရသည်။ ယခင် ဒီဇင်ဘာလူထုအားကစားလဆိုလျှင် တစ်နိုင်ငံလုံး စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပခြင်းနှင့် လမ်းလျှောက်ပွဲများ ကျင်းပပြီးလျှင် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပကြသည်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ကဲ့သို့သော နေ့ကြီးရက်ကြီးများ အပါအဝင် ပြည်နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာပြည်နယ်နေ့များကဲ့သို့ နေ့ကြီးရက်ကြီးများတွင် မြို့တိုင်း၊ နယ်တိုင်း ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ 

ထို့ပြင် ဒေသအလိုက် အများပြည်သူများ စိတ်ဝင်စားသည့် အားကစားနည်းများကို ဒေသ အလိုက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများအဖြစ် မြန်မာပြည်အနှံ့အပြားတွင် ကျင်းပခဲ့ကြသည်။ မှတ်မိသမျှ တင်ပြရလျှင် မန္တလေးတိုင်း ပျဉ်းမနားမြို့တွင် ပေါင်းလောင်းဒိုင်း၊ မိတ္ထီလာမြို့တွင် ထီလာ မောင်ဖလား၊ ကူမဲမြို့တွင် မိုးအောက်မြေပြင်ဖိတ်ခေါ် ဖလား၊ မန္တလေးမြို့တွင် ဗထူးကွင်းဖွင့်ဖလား၊ ရတနာပုံဖလား၊ ပျော်ဘွယ်မြို့တွင် ရွှေစင်ရုပ်တု ဖလား၊ မြင်းခြံမြို့တွင် မြေလတ်ဖလား၊ ကျောက်ဆည် မြို့တွင် ရွှေကုန်သည်ကြီးများဒိုင်းပြိုင်ပွဲများ ကျင်းပ ခဲ့ပြီး မကွေးတိုင်း ချောက်မြို့တွင်လည်း သခင်ဖိုးလှ ကြီးဖလား၊ ပခုက္ကူမြို့တွင် မြေလတ်ဧရာဖလား၊ ရေနံချောင်းမြို့တွင် ရေနံ့သာဖလား၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် ရွှေမင်းဝံဖလား၊ ရွှေဘိုမြို့တွင် အောင်ဇေယျဒိုင်းပြိုင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ 

အဆိုပါပြိုင်ပွဲများကို အားကစားဝါသနာပါသည့် မြို့မိမြို့ဖများ၊ အားကစားဝါသနာရှင်များ၊ အလှူရှင်များနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ ၎င်းပြိုင်ပွဲများသည် ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့်လည်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားလိုသည့် လူငယ်များ များပြားလာ သည့်အတွက် မလိုလားအပ်သည့်ဘက်သို့ ရောက်ရှိမှုများ ကင်းဝေးစေခဲ့သည်။ အဆိုပါပြိုင်ပွဲများ ပျောက်ကွယ်သွားသည်မှာ ဆယ်စုနှစ် နှစ်ခု၊ သုံးခု ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲများကိုလည်း ပြန်ပြီးအသက်သွင်းရန် လိုအပ်မည်ဟု မြင်ပါသည်။ 

ယခင် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအနေဖြင့်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ယခင်ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင် ဝန်ကြီးဌာနအသီးသီး၏ အားကစားတာဝန်ရှိသူများက အားကစားပြိုင်ပွဲများသို့ လာရောက်ကြည့်ရှုအားပေးပြီး အပြိုင်အဆိုင် လူရွေးချယ်ခြင်း၊ ထူးချွန်သည့် အားကစားသမားများကို အလုအယက်ခေါ်ယူပြီး မိမိတို့ဝန်ကြီးဌာနများတွင် အလုပ်ခန့်ထားခြင်း၊ အားကစားသမားများကို ဝန်ကြီးဌာနအလိုက် အပြိုင်အဆိုင်စခန်းသွင်း၍ ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသဖြင့် အားပေးသည့်ပရိသတ်များလည်း လွန်စွာများပြားခဲ့သည်။ ၎င်းပြိုင်ပွဲများမှ မြန်မာ့ လက်ရွေးစင်အများအပြား ပေါ်ထွက်လာခဲ့သည်။ 

ယနေ့အချိန်တွင် ဝန်ကြီးဌာနများမှ ခန့်ထားပြီးသား အားကစားသမားဝန်ထမ်းများကို အားကစားဌာနသို့ ပြန်လည်လက်ခံပေးရန် တောင်းဆိုမှုများ ရှိလာသည်။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ တစ်ခုလုပ်လျှင် အသင်းခြောက်သင်း၊ ခုနစ်သင်းခန့် သာ ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။ ထိုအချက်ကလည်း အားကစားမျိုးဆက်သစ် ပေါ်ထွက်မှု ကျဆင်းရခြင်း၏ အဓိကအချက်တစ်ချက် ဖြစ်မည်ထင်သည်။ 

သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ အနေဖြင့်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ တံခွန်စိုက်ဖလား အားကစားပြိုင်ပွဲများကို ယခင်ကကဲ့သို့ နှစ်စဉ်ပုံမှန် ပြန်လည်ကျင်းပပေးရန် လိုအပ်သည်။ အဓိက တင်ပြလိုသည်မှာ ယခင်ကအားကစားလှုပ်ရှား ဆောင်ရွက်မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်ပတ်လုံး လူထုအားကစားလှုပ်ရှားမှု အသွင် ကျင်းပဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည့်အတွက် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက် မပြတ်ပေါ်ထွက်ပြီး မြန်မာ့အားကစားသည်လည်း အရှေ့တောင်အာရှအဆင့်သာမက အာရှအဆင့်သို့ ကျော်လွန်ပြီး အိုလံပစ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ ခြင်းဖြစ်သည်။ 

လူထုအားကစားလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ အမြို့မြို့အနယ်နယ်တွင်ရှိကြ သည့် အားကစားဝါသနာရှင် မြို့မိမြို့ဖများ၊ အလှူရှင်များအားလုံး အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါသည်။

(၄)    အားကစားဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများမှ အဆင့်မီကျွမ်းကျင်နည်းပြများ ငှားရမ်း လေ့ကျင့်ရေး

 အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်သွားမည့် မြန်မာ့လက်ရွေးစင်နှင့် ပဏာမလက်ရွေးစင် အားကစားသမားများကို  ပြည်ပနိုင်ငံများမှ အဆင့်မီ ကျွမ်းကျင်နည်းပြများ ကာလရှည်ငှားရမ်း၍ အတွေ့အကြုံရှိ မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြများဖြင့် ပူးတွဲလေ့ကျင့်ပေးမှသာ နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းဗျူဟာများ ပိုမို ကျွမ်းကျင်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်၍ အားကစား နည်းအလိုက် အဆင့်မီနည်းပြများ ငှားရမ်းလေ့ကျင့် နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွား ရန်လိုအပ်မည်ဟု မြင်မိသည်။

(၅)    အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံများသို့ ကာလတို/ကာလရှည် ပူးတွဲ လေ့ကျင့်သည့်အစီအစဉ်များ စေလွှတ် ဆောင်ရွက်ရေး

ယနေ့ခေတ် နိုင်ငံတကာအားကစားပြိုင်ပွဲများကို လေ့လာကြည့်ပါက နည်းစနစ်၊ နည်းဗျူဟာများ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာနေသည်ကို တွေ့ရှိရသည့်အတွက် SEA Games ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ဖူးသည့် အတွေ့အကြုံရှိ လက်ရွေးစင်အားကစားသမားများ ကို အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံ များသို့ ကာလတို Joint Training စေလွှတ်လေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်ရန်  လိုအပ်သကဲ့သို့ အားကစားနည်းအလိုက် အလားအလာရှိသည့် မျိုးဆက်သစ်လူငယ်များကိုလည်း အားကစား ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်အစီအမံအဖြစ် ကာလရှည်စေလွှတ်လေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်သွား ရန်လည်း လိုအပ်နေပြီ ဖြစ်သည်။

(၆)    အားကစားနည်းအလိုက် နည်းပြများအား အဆင့်မြှင့်တင်ရေး အစီအမံများပြုလုပ်ရေး

အားကစားတိုးတက်သည့် နိုင်ငံများကို လေ့လာကြည့်ပါက အားကစားနည်းအလိုက် နည်းပြများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းဗျူဟာများကို ခေတ်မီအားကစား အထောက်အကူပြုပစ္စည်း (Sports Equipment) များ ပြောင်းလဲ အသုံးပြုရေး၊ Sports Science ပညာရပ်များနှင့်အညီ လေ့ကျင့်မှုပုံစံများ၊ ထိရောက်သည့် Training Programme များ ရေးဆွဲလေ့ကျင့်နိုင်ရေး စသည့် အချက်များသည် လွန်စွာအရေးပါသဖြင့် အားကစား နည်းပြများ၏အရည်အသွေးမြှင့်တင်ပေးရေး လုပ်ငန်းများကိုလည်း မျက်ခြည် မပြတ်  သုံးသပ်ဆောင်ရွက်သွားသင့်ပါသည်။ အားကစားနည်းအလိုက် နည်းပြအရည်အချင်းနှင့် ပတ်သက်သည့် ပြည်တွင်း/ပြည်ပ နည်းပြသင်တန်းများသို့ စဉ်ဆက်မပြတ် တက်ရောက်နိုင်စေရေးကိုလည်း စီမံဆောင်ရွက်ပေးကြရန် လိုအပ်သည်။ မြန်မာနိုင်ငံမှ လက်ရွေးစင်ဟောင်းနည်းပြအများစုအနေဖြင့် အတွေ့အကြုံအရ နည်းပြတာဝန် ထမ်းဆောင်ရာတွင် ကျွမ်းကျင်မှုများရှိကြသော်လည်း ခေတ်နှင့်အညီ တိုးတက်လာသည့် နည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတကာသင်တန်းများသို့ စေလွှတ်တက်ရောက်စေရာတွင် အများစုမှာ ဘာသာစကားအခက်အခဲ ရှိနေသဖြင့်  ပြည်ပမှနည်းပြများ ဖိတ်ကြား၍ ကျွမ်းကျင်စကားပြန်များဖြင့် အားကစားနည်း အလိုက် နည်းပြမွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးကိုလည်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်မှာလည်း မဖြစ်မနေဆောင်ရွက် သင့်သည့် လုပ်ငန်းဖြစ်သည်ကို သတိပြုသင့်သည်။

(၇)    မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့အားကစားနည်း အောင်မြင်တိုးတက် စေရေးအတွက် ထဲထဲဝင်ဝင်ဆောင်ရွက်သည့် အဖွဲ့ချုပ်များ နည်းပါးလာခြင်းနှင့် ထောက်ပံ့ပေးနိုင်မှု အားနည်းလာခြင်း

မြန်မာ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားစေရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ ချုပ်များ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတာဝန်များကို ယခင်က ဝန်ကြီးဌာနအသီးသီးမှ အရာရှိကြီးများ အား  တာဝန်ပေးအပ်ဆောင်ရွက်စေခဲ့သည်။ နောက်ပိုင်းတွင် အားကစားအောင်မြင်တိုးတက် စေရေးလုပ်ငန်းများသည် ငွေရေးကြေးရေး စိုက်ထုတ် သုံးစွဲရသည့်လုပ်ငန်းများဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများအား အဖွဲ့ချုပ်ဥက္ကဋ္ဌများအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ပြီး နိုင်ငံတော်က ပြည့်ပြည့်ဝဝ ပံ့ပိုးမပေးနိုင်သည့်လုပ်ငန်းကိစ္စရပ်များ၊ သက်ဆိုင်ရာအားကစားနည်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကိစ္စရပ်များကို တာဝန်ယူဆောင်ရွက် စေခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလုပ်ငန်းများမှာ မျိုးဆက်သစ်များ ရှာဖွေဖော်ထုတ်ရေး၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အားကစား ပြိုင်ပွဲများ ကျင်းပရေး၊ တိုးတက်သည့်နိုင်ငံများသို့ အဖွဲ့ချုပ်လက်ရွေးစင်များ၊ ပဏာမလက်ရွေးစင်များ နှင့် လူငယ်လက်ရွေးစင်များကို ကာလတို/ ကာလ ရှည်စေလွှတ်လေ့ကျင့်ရေး၊ နိုင်ငံတကာမှ အဆင့်မီနည်းပြများ ငှားရမ်းလေ့ကျင့်ရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ စဉ်ဆက်မပြတ် စေလွှတ်ယှဉ်ပြိုင်ရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး၊ မိမိတို့အားကစား နည်းအလိုက် နိုင်ငံတကာအဆင့်မီ ဒိုင်/ဂျူရီများ မွေးထုတ်ပေးရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုများရရှိရေးအတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ အားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်မည့် စီမံချက်များရေးဆွဲတင်ပြရေး၊ အဖွဲ့ချုပ်အလိုက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင်များ၊ လူငယ် လက်ရွေးစင်များ၏ လူမှုရေးလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး၊ အားကစားသမားများ၏ လေ့ကျင့်ချိန်၊ စားသောက်ချိန်၊ အိပ်ချိန်မှန်ကန်ရေး၊ အားကစားအရည်အချင်း တိုးတက်ရေး၊ စည်းကမ်း ကောင်းမွန်ရေး စသည့်လုပ်ငန်းများကို ပြည့်ပြည့်ဝဝ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သော်လည်း လက်ရှိအနေအထားအရ အဖွဲ့ချုပ်အများစုအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် ထဲထဲဝင်ဝင်ဆောင်ရွက်မှု နည်းပါးလာခြင်း၊ အားကစားတိုးတက်ရေးအတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှု အားနည်းလာခြင်းများကိုလည်း ကြားသိမြင်တွေ့နေရသဖြင့် အဖွဲ့ချုပ်များ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုအပိုင်းများ ပိုမိုသက်ဝင် လှုပ်ရှားလာစေရေးအတွက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီက ထိန်းကျောင်းတည့်မတ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ တိုက်တွန်း အားပေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။ 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် သုံးလ တစ်ကြိမ်ခန့် အားကစားအဖွဲ့ချုပ်များနှင့် ပုံမှန်အစည်း အဝေးပြုလုပ်ပြီး အဖွဲ့ချုပ်များ၏ လုပ်ငန်းဆောင်ရွက် ချက်၊ တင်ပြချက်များအပေါ် သုံးသပ်ဆောင်ရွက်သင့်သည်။ ထဲထဲဝင်ဝင် လိုက်ပါဆောင်ရွက်နိုင်မှု အားနည်းသည့် အားကစားအဖွဲ့ချုပ်များကို အမှန် တကယ် စေတနာထားဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးလဲလှယ်  တာဝန်ပေးသင့်သည်။ မိမိတာဝန်ယူထားသည့် အားကစား အဖွဲ့ချုပ် တိုးတက်ရာတိုးတက်ကြောင်း ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ခြင်းမရှိပါကလည်း အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များထံ အမျိုးသား ရေးအသိဖြင့် လွှဲပြောင်းတာဝန်ပေးအပ်စေသင့်သည်။

(၈)    အားကစားကွင်း/အားကစားရုံများ၊ အားကစား အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်း ပံ့ပိုးပေးရေး

အားကစားတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်တစ်ခုဖြစ်သည့် အားကစားကွင်း/ အားကစားရုံများကို ရပ်ကွက်/ကျေးရွာအဆင့်မှသည် မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်မှသည် ဗဟိုအဆင့်အထိ သူ့အဆင့်နှင့် လျော်ညီသည့် အားကစားကွင်း/ အားကစားရုံများ ပြည့်ပြည့်စုံစုံရှိနေရန် လိုအပ်သည်။ အလားတူ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ် များတွင်လည်း အားကစားကွင်း/အားကစားရုံ များရှိနေရန် လိုအပ်သည်။ အားကစားကွင်း/အားကစားရုံများမရှိဘဲ အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်၍ မရသည့်အတွက် အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်/ကျေးရွာများမှစ၍ ရပ်ကွက်/ကျေးရွာအဆင့်နှင့်လျော်ညီသည့် အားကစားကွင်း/အားကစားရုံများ ဖြည့်ဆည်းပေးရန် လိုအပ်သည်။ 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တိုးတက်စေကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် အားကစားကွင်း/အားကစားရုံများ အဆင့်မီမီရှိရေး ဆောင်ရွက်ပေးနေကြောင်း၊ အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက် စေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးကို လည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစား နှင့်ပတ်သက်ပြီး အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အားကစားနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အားပေးဆောင်ရွက်ခြင်း ဖြင့် အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက် ကြစေလိုကြောင်း၊ အားကစားသည် နိုင်ငံတော် အတွက်  အားပေးဆောင်ရွက်သွားကြရမည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊  အားကစားကဏ္ဍ တိုးတက်စေရေး အားပေးခြင်းများ ဆောင်ရွက်၍ မြန်မာ့အားကစားကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ SEA Games ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့် အတန်း  ပိုမိုတိုးတက်မြင့်မားရေး  အားပေး ဆောင်ရွက်သွားရန်”စသည့် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပါသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အားကစားကွင်း/အားကစားရုံများ အသစ်တည် ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပွဲကြည့်စင်များ အဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ ရေကူးကန်များ တည်ဆောက်ပေးခြင်း၊ Synthetic ရော်ဘာ ပြေးလမ်းများ ခင်းပေးခြင်း၊ အားကစားဥယျာဉ်များ တည်ဆောက်ပေးခြင်းတို့ကို  ဘဏ္ဍာနှစ်အလိုက် လျာထားစီမံ   ဆောင်ရွက်ပေးလျက်ရှိရာ အားကစားလောကအတွက်  အားတက်ဖွယ် ကြားသိနေရသည်။ အားကစားဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ပြည့်စုံလာသည်နှင့် အမျှ အားကစားတိုးတက်ရေးအတွက် ထိရောက် သည့် ရေတို/ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက် ပါက တိုးတက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာမည် ဖြစ်သည်။ 

(၉)    အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်း စုပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အချိန် အခါဖြစ်ခြင်း

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ပေါင်းများစွာ ရှိနေသော်လည်း နိုင်ငံတော် အဆင့်မှ တိကျသည့်မူဝါဒများ ချမှတ်ပေးရန် လိုအပ် သည့် ကိစ္စရပ်များအား တင်ပြဆောင်ရွက်ခြင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထု အားကစားလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ အခါကြီး/ရက်ကြီးများတွင် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ ရေး၊ ဒေသအလိုက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ ယခင်ကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲများ ဖြစ်ပေါ်လာစေရေး၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပရေး စသည့်ကိစ္စရပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်ရေး၊ အားကစားနှင့်ပညာရေး ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၏ ဆောင်ရွက်ချက်များအပေါ် ကြီးကြပ်ထိန်းကျောင်း ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ တွန်းအားပေးကြပ်မတ်ခြင်းများ ဆောင်ရွက်ရေး၊ ဝန်ကြီးဌာနမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အမြဲမပြတ် သုံးသပ်လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက် ပေးရေးကိစ္စရပ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည့်အချိန်အခါသို့ ရောက်ရှိနေပြီဖြစ် သည်ဟု အကြံပြုတိုက်တွန်းရေးသားတင်ပြလိုက် ရပါသည်။  ။