နေပြည်တော် မတ် ၆
သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖြစ်ထွန်းအောင်မြင်စေရန် အဓိကလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပြည့်စုံစွာအသုံးချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ (၃၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကား ဝိုင်းဆွေးနွေးပွဲကို “မြေအသုံးချမှုမှန်ကန် ရှေ့သို့လှမ်းရန် စနစ်မှန်” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မြေအသုံးချမှုကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှသာ ထုတ်လုပ်မှု တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တစ်ခုလုံး အရှိန်အဟုန် ကောင်းစွာတိုးတက်မည်ဖြစ်ကြောင်း၊ မြေဆီလွှာနှင့် ပတ်သက်သည့် မြေအမျိုးအစားခွဲခြား သတ်မှတ်ခြင်း ၊ မြေဆီလွှာနှင့် သင့်တော်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးထုတ်လုပ်ခြင်း ၊ မွေးမြူရေးကဏ္ဍ၊ ရေသတ္တဝါ မွေးမြူထုတ်လုပ်ရေး ကဏ္ဍများတွင် မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို လယ်ယာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် မြေအသုံးချမှုမှန်ကန်စေရေး နှင့် အနာဂတ်တွင် စနစ်မှန်၊ နည်းမှန်ဖြင့် လျှောက်လှမ်းနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
နိုင်ငံတစ်ဝန်းလုံး၌ ကွင်းဖွဲ့မြေတိုင်းတာခြင်းလုပ်ငန်း အနေဖြင့် ကွင်းပေါင်း (၈၇,၀၀၀) ကျော် ၊ အကွက်ပေါင်း (၁၁,၂၀၀) ကျော် ၊ ဧရိယာအားဖြင့် ဧက (၅၂ ဒသမ ၇၇၇)သန်းခန့်ကို လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တိုင်းတာဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်နိုင်ရန် အခြေခံကျသည့် စာရင်းအင်း ကိန်းဂဏန်းများ ရရှိရေး ဆောင်ရွက်မှု အခြေအနေများ၊ မြေဆီလွှာ နှင့်သင့်တော်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုကို ဖော်ပြသည့် တည်ငြိမ်သည့်စိုက်ပျိုးမြေပုံ (Crop Suitability Map) များ ရေးဆွဲ ထားမှု ၊ မွေးမြူရေးကဏ္ဍ နှင့် ရေသတ္တဝါမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် မြေအသုံးချမှုမှန်ကန်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဖော်ထုတ် ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၌ လက်ရှိ အသုံးပြုလျက်ရှိသည့်မြေအမျိုး အစားများသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆက်စပ်မှု ၊ မြေအသုံး ချမှုမှန်ကန်ရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေဆီလွှာကွဲပြား ခြားနားမှုအပေါ် အခြေခံ၍ မြေအမျိုးအစား ခွဲခြားသတ်မှတ်ထားရှိမှု ၊ မြေဆီလွှာနှင့် သင့်တော်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုကိုဖော်ပြသည့် တည်ငြိမ်သည့် စိုက်ပျိုးမြေပုံ Crop Suitability Map များ ရေးဆွဲထားရှိမှု ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြေအသုံးချမှု ၊ ရေသတ္တဝါ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မြေအသုံးချမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်