(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်   မေ   ၁၃

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို မေ ၁၂ ရက် ညပိုင်းက ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏ ရိုးရာအလှအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြိုင်ပွဲဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောနှင့် အိမ်ရှင်ဗီယက်နမ်နိုင်ငံတို့က ကွင်းအတွင်း ဝင်ရောက်နေရာယူကြသည်။ ယင်းနောက် ဆီးဂိမ်းအဖွဲ့ချုပ်အလံ၊ ဆီးဂိမ်းအလံတို့ကို လွှင့်တင်ကြပြီး ဗီယက်နမ်နိုင်ငံသမ္မတ Nguyén Xuan Phuc က ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံဂုဏ်ဆောင် အားကစားသမားများက ဆီးဂိမ်းမီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်ကာ သတ်မှတ်နေရာတွင် မီးထွန်းညှိပေးသည်။

ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက်ရှိပြီး အားကစားနည်း အချို့ကိုမူ မေ ၆ ရက်မှစ၍ ပြုလုပ်လျက်ရှိသည်။ ယခုပြိုင်ပွဲကို အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၅၄ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြိုင်ပွဲတွင် အားကစားနည်း ၄ဝ ထည့်သွင်းကျင်းပလျက်ရှိပြီး ရွှေတံဆိပ်စုစုပေါင်း ၅၂၆ ခု ချီးမြှင့် သွားမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် မေ ၁၂ ရက် ပွဲစဉ်များအပြီးတွင် ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိထားသည်။

သတင်း- ကိုညီလေး၊ ဓာတ်ပုံ-VNA