နေပြည်တော် ၂၀ နိုဝင်ဘာ

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (SEAGF Council Meeting) အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။           

အစည်းအဝေးကို SEAGF ဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီး ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Nguyen Ngoc Thien၊ ဗီယမ်နမ်နိုင်ငံ အားကစားအုပ်ချုပ်မှုကော်မတီ Mr. Vuong Bich Thang၊ SEAGF အမှုဆောင်ကော်မတီဥက္ကဋ္ဌ Prof. Hoang Vinnh Giang တို့က ဦးစီးကျင်းပပြီး အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကာ SEAGF ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် အရှေု့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လည်းကောင်း ကျင်းပရန် အဆိုပြုတင်သွင်း၍ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများက လက်ခံကျင်းပနိုင်ရေးအတွက် အတည်ပြုသဘောတူခဲ့ကြသည်။ ထို့နောက် SEAGF ဥက္ကဋ္ဌမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ထည့်သွင်းကျင်းပရမည့် အိုလံပစ် အားကစားနည်းများ၊ ဒေသတွင်းအားကစားနည်းများ၊ ရိုးရာအားကစားနည်းများ ထည့်သွင်းပါဝင် ကျင်းပမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက်မှ ဒီဇင်ဘာ (၂)ရက်အထိ ဟန္နိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များ၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း (၄၀)နှင့် ပြိုင်ပွဲအမျိုးအစားပေါင်း (၅၀၀)ကျင်းပရန် လျာထားကြောင်းနှင့် ပြိုင်ပွဲလက်ခံ ကျင်းပမည့် အားကစား နည်းများအလိုက် အားကစားကွင်း/ရုံများ၊ ဖွင့်ပွဲနှင့်ပိတ်ပွဲကျင်းပမည့် အားကစားကွင်းများအား Video များနှင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။

ပြိုင်ပွဲလက်ခံကျင်းပမည့် အကြမ်းဖျဉ်းလျာထားသော အားကစားနည်းများမှာ ရေကူး၊ ပြေးခုန်ပစ်၊ ကျွမ်းဘား၊ ဗိုဗီနမ်၊ လက်ဝှေ့၊ မွေထိုင်း၊ ပန်ကြပ်ဆီလပ်၊ ကာယကြံခိုင်မှု၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ဂျူဒို၊ ကရာတေး၊ ဘောလီဘော၊ Handball၊ ဓားခုတ်၊ ဂေါက်၊ အက၊ ပီတန်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ အလေးမ၊ နပန်း၊ ဝူရှုးတို့ဖြစ်ကြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံက ပြိုင်ပွဲအောင်မြင်စွာ လက်ခံကျင်းပရန်အတွက် ယခုကတည်းမှ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလအတွင်း အားကစားနည်း (၃၂)နည်းဖြင့် ကျင်းပရန် လျာထားကြောင်း Video နှင့် ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ အသီးသီးက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံအလိုက် ထပ်မံဖြည့်စွက်ထည့်သွင်း ကျင်းပလိုသော အားကစားနည်းများကို တင်ပြကြရာ SEAGF ဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဆက်လက်တင်ပြ ဆွေးနွေးမည်ဖြစ်ပြီး လာမည့်အစည်းအဝေးများတွင် ပါဝင်ထည့်သွင်းနိုင်ခြင်းရှိ/မရှိကို အတည်ပြုပေးမည်ဖြစ်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်