(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရက်ပြောင်းရွှေ့ကျင်းပမည်

နေပြည်တော်   ဇူလိုင်   ၁၂

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး ၁၂ မြို့တွင် အားကစားနည်း ၄၀ ဖြင့် ကျင်းပရန် စီစဉ်သတ်မှတ်ထားခဲ့သော်လည်း လက်ရှိ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေအရ လာမည့်နှစ်အတွင်း ပြောင်းလဲကျင်းပနိုင်ရေး အိမ်ရှင်နိုင်ငံက စီစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၈ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် SEAGE office အစည်းအဝေးတွင် ပြောင်းလဲ ကျင်းပမည့်ရက်ကို ပြန်လည်ကြေညာသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလနောက်ဆုံးပတ်မှ မေလ ပထမပတ် အတွင်း ကျင်းပပေးရန် အဆိုပြုခဲ့ကြသော်လည်း အိမ်ရှင် ဗီယက်နမ်နိုင်ငံအနေဖြင့် အစိုးရအဖွဲ့သို့ တင်ပြပြီးမှသာ အကြောင်းပြန်ကြားပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပသွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ဆုတံဆိပ်ရရှိရန် အလားအလာရှိသည့် အားကစားနည်း ၁၈ မျိုးကိုသာ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနည်း ၄၀ အတွက် ဆုတံဆိပ် ၅၂၉ ခု ချီးမြှင့်သွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ နည်းအတွက် ဆုတံဆိပ် ၂၈၁ ခု အတွက်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်