ရန်ကုန်၊    ၁၂  ဒီဇင်ဘာ 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ပဏာမ လူရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ သိရသည်။    
   
ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၁ ခုနှစ် နို၀င်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် အမျိုးသားအတန်းလိုက် ကာယဗလပြိုင်ပွဲ၊ အမျိုးသမီးကာယဗလ ပြိုင်ပွဲ၊ အမျိုးသားကြံ့ခိုင်မှုပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး အတွဲလိုက် ပြိုင်ပွဲများအတွက် လက်ရွေးစင်များ ရွေးချယ်ရာတွင် ပြည်ပပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေး ရရှိခဲ့ကြသည့် အားကစားသမားများနှင့် အမျိုးသားအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသည့် အားကစားသမားများအား လက်ရှိ ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်အလေးချိန်၊ ကိုယ်ဟန်ပြသမှု၊ လက်ရှိလေ့ကျင့်နေမှုများကို သုံးသပ်ကြည့်ရှု၍ ပဏာမရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း သိရသည်။ 

အရည်အချင်း ပြည့်မီသော စိတ်ပါ၀င်စားသည့် အားကစားသမားများသည် တစ်ဦးချင်းပြိုင်ပွဲ၀င် ၀တ်စုံဖြင့် သတ်မှတ်ကိုယ်ဟန် ခုနစ်မျိုးဖြင့် တစ်မိနစ် စိတ်ကြိုက်ကိုယ်ဟန်ပြမှုပုံစံများကို၊ ဓာတ်ပုံ ဗီဒီယိုရိုက်ကူး၍ စီဒီဖြင့်ဖြစ်စေ၊ Menory Stick ဖြစ်စေ ဖုန်း ၀၉-၅၀၀၁၈၆၈၊ မင်္ဂလာတောင်ညွန့် မြို့နယ် စည်ပင်အားကစား၀င်းသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။   

တင်စိုး