နေပြည်တော် ၂၉ အောက်တိုဘာ

မြန်မာနိုင်ငံဆရာဝန်အသင်း မျက်စိဆရာဝန်အဖွဲ့က ကြီးမှူး၍ (၃၁)ကြိမ်မြောက် မျက်စိရောဂါ ပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကမြန်မာနိုင်ငံ မျက်စိရောဂါပညာအဖွဲ့အနေဖြင့် အဖွဲ့ဝင်များ နှစ်စဉ် တိုးတက်လျက်ရှိသည့် ညီလာခံများနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲများကို နှစ်စဉ် ပုံမှန်ကျင်းပသွားခြင်းဖြင့် တစ်ဦးချင်းစီ၏ ဆေးပညာတိုးတက်မှု အတွေ့အကြုံများကို သက်ဆိုင်ရာဆေးရုံများ၌ ဆောင်ရွက်ကြပြီး ဒေသခံ ပြည်သူများအတွက် မျက်စိအထူးကု ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာရဲမြနှင့် မြန်မာနိုင်ငံ မျက်စိဆရာဝန်အသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ခင်ဥမ္မာခိုင် တို့က အမှာ စကားပြောကြားကြပြီး မျက်စိရောဂါဆိုင်ရာ ဆေးကုမ္ပဏီပြခန်းများကို ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် ကလေးကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးခိုင် က ကလေးမျက်စိကင်ဆာရောဂါကို ဆေးသွင်းကုသခြင်းအကြောင်း စာတမ်းကို ဖတ်ကြား ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမှုဆောင်ရွေးချယ်ခြင်းနှင့် သက်ကြီးဆရာဝန်ကြီးများအား ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ကလေး များတွင် ဖြစ်ပွားသော မျက်လုံးအိမ်ကင်ဆာများအကြောင်း၊ မျက်လုံးအတွင်း ကင်ဆာ မဟုတ်သော လက္ခဏာများ၊ ပုံမှန်မဟုတ်သော ဦးခေါင်းအနေအထားများကို လေ့လာခြင်း၊ မျက်စိစွေစောင်းရောဂါနှင့် ခွဲစိတ်ခြင်းဆိုင်ရာအချက်အလက်များ၊ မွေးရာပါအာရုံကြောချို့ယွင်းခြင်း၊ မျက်စိတွင် ဖြစ်တတ်သောကင်ဆာရောဂါများ အကြောင်းနှင့် ဓာတ်ရောင်ခြည် ကုသခြင်းအခန်းကဏ္ဍ၊ မျက်ကြည်လွှာရောဂါနှင့် အတွင်းတိမ်ရောဂါ ပူးတွဲခံစား နေရသောလူနာများအား ကုသနည်း၊ မျက်ကြည်လွှာအနာ ကုသနည်း၊ မျက်သား တက်ခြင်း၏ နောက်ဆုံးပေါ်ကုသနည်း၊ ကလေးအချင်းဖြင့် အစားထိုးခွဲစိတ်ကုသနည်း၊ ဆီးချိုမျက်စိရောဂါနှင့် ရေတိမ်ရောဂါတို့အတွက်  နောက်ဆုံးကုသနည်း စာတမ်းများကို ဖတ်ကြားကြသည်။

မျက်စိရောဂါညီလာခံကို အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စာတမ်းပေါင်း ၄၅ စောင်ကို ဖတ်ကြား တင်သွင်းကြမည်ဖြစ်သည်။

သတင်း-ဥမ္မာသန့် ၊ ဓာတ်ပုံ-ရဲထွဋ်