နေပြည်တော် ဧပြီ ၆
၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘော ဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဝူရှူးအားကစားနည်းမှ(ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား အမျိုးသား ရှစ်ဦး၊ အမျိုးသမီးလေးဦးတို့၏ ပြိုင်ပွဲအသွင် လက်ရည်ဆန်း စစ် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က နည်းပြများနှင့် အားကစားသမား များအားတွေ့ဆုံ၍ အားကစား သမားများအနေဖြင့် မိမိနိုင်ငံနှင့် လူမျိုးအတွက် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်၍ ပြိုင်ပွဲတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်အထိ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင် သွားကြရန် လိုကြောင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စည်းကမ်း လိုက်နာပြီး စနစ်တကျ ကြိုးစား လေ့ကျင့်သည့် အားကစားသမားများ ကိုသာ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစား သမားများအား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လေ့ကျင့် သင်ကြားပေးရန်နှင့် စိတ်ဓာတ်သည် အဓိက အရေးကြီး သည့်အတွက် စိတ်ခွန်အားများ မြင့်တက်လာအောင် သင်ကြား ပြသပေးရန်လိုကြောင်း၊ အောင်မြင် မှု ဆုတံဆိပ်ရရှိခဲ့သူများကို နိုင်ငံတော်ကလည်း ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အတွက် ယခုလာမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်လည်း အောင်မြင်မှု ဆုတံဆိပ်များရရှိ အောင် အုပ်ချုပ်/နည်းပြ၊ အားကစား သမားများအားလုံး တက်ညီ လက်ညီ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီရောက်ရှိမည့် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာ သင်္ကနြ်ပွဲတော်ကာလတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန် ပွဲတော်ကျင်းပမည့် ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြန်မာ့လက်ရွေးစင် အားကစား မောင်မယ်များနှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန်အတွက် အတာသင်္ကြန်မဏ္ဍပ် ကြိုတင်ပြင်ဆင်နေမှုကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်