နေပြည်တော်၊ ၂၂ ဒီဇင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနနှင့် ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတက်မှုကို အထောက်အကူပြုရေးတို့ကို အဓိက တာဝန်ယူဆောင်ရွက် ရသည့် ဌာနဖြစ်ပါကြောင်း၊ ဟန်ချက်ညီညီ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုများစွာရှိပါကြောင်း။
သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေအရည်အသွေးနှင့် ရေသယံဇာတရှားပါးမှု ပြဿနာများ၊ ထင်းလောင်စာ စွမ်းအင်လိုအပ်ချက်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်လာမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုစသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ချဉ်းကပ်မှု ပုံစံသစ်များနှင့် သုတေသနပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် အသုံးချသုတေသန (Applied Research) ကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း။
သုတေသန၏ အနှစ်သာရသည် အရည်အသွေးမီသည့် အသုံးချ သုတေသနရလဒ်များ ထွက်ပေါ်လာရန် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အဖွဲ့အစည်း ဆိုင်ရာ တောင့်တင်းခိုင်မာရေး၊ အရည်အသွေးပြည့်မီသည့် သုတေသီအင်အား လုံလောက်ရေး၊ သုတေသီ တွေ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသနရန်ပုံငွေ လုံလောက်စွာ ရရှိစေရေးတို့ကို အလေးထား စဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ပုဂ္ဂလိကအပါအဝင် ပြည်တွင်း၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ဒုတိယ ဝန်ကြီး ဦးဆောင်သည့် “သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေး ကော်မတီ” ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
ယနေ့ သုတေသနစာတမ်းဖတ်ပွဲတွင် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင်ကဏ္ဍနှင့် သက်ဆိုင်သည့် သုတေသနစာတမ်း စုစုပေါင်း (၅၂)စောင်ကို Session (၃) ခုခွဲပြီး (၂)ရက်ကြာ ဖတ်ကြားတင်သွင်းမှာ ဖြစ်ကြောင်း၊ သစ်တော သုတေသနဌာနမှ သုတေသီများ၏ စာတမ်းများသာမကဘဲ ပြည်ပနိုင်ငံ တက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့် မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ရဝန်ထမ်းများ၏ ဘွဲ့ယူစာတမ်းများကိုလည်း ယင်းစာတမ်းဖတ်ပွဲတွင် ထည့်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း၊ သုတေသန လေ့လာတွေ့ရှိချက်များကိုလည်း မူဝါဒချမှတ်သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ ပညာရေးနှင့် သုတေသန နယ်ပယ်မှ ပုဂ္ဂိုလ်များအပါအဝင် ဆက်စပ်ပတ်သက်သူအားလုံး လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပ သုတေသနဂျာနယ်များ၊ ပညာရပ်ဆိုင်ရာ သတင်းစာစဉ်များမှ တစ်ဆင့်ဖြစ်စေ၊ website များမှ တစ်ဆင့်ဖြစ်စေ ဆက်လက်ဖြန့်ဝေပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ယနေ့ တင်သွင်းဖတ်ကြားမည့် စာတမ်းများအပေါ် online မှ ပါဝင်တက်ရောက်လာသည့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးနယ်ပယ်မှ ပညာရှင်များ၊ သုတေသီများနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ စာတမ်းဖတ်ကြားသည့် သုတေသီများကလည်း ယနေ့ ဆွေးနွေးအကြံပြုချက်များအပေါ် အခြေခံ ပြီး ဆက်လက် ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် မိမိတို့၏ အရည်ချင်းကို ကြိုးစားမြှင့်တင်ပြီး အရည်အသွေးပြည့်မီသည့် သုတေသနစာတမ်းများ ထွက်ပေါ်လာအောင် ကြိုးပမ်းအားထုတ်ကြရန်၊ သို့မှသာ မြန်မာနိုင်ငံ၏ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း များသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Key Note Speaker များအဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ECCDI အဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်တင့်၊ The Nature Conservancy မှ Myanmar Program Director ဒေါက်တာတင့်လွင်သောင်းတို့က သစ်တောနှင့် ရာသီဥတု ပြောင်းလဲခြင်း၊ သစ်တောသုတေသန နောက်ခံသမိုင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက် လျက်ရှိသော သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်သင့်သော သုတေသနဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် အရာထမ်းများ ပါဝင်တက်ရောက်ကြပြီး အငြိမ်းစားသစ်တောအရာရှိကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သစ်တောပညာရှင်များ၊ NGO/ INGO မှ ကိုယ်စားလှယ် များ၊ စာတမ်းရှင်များနှင့် သုတေသီများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ယင်းစာတမ်းဖတ်ပွဲတွင် ဘာသာရပ် စာတမ်းပေါင်း(၅၂)စောင် ဖတ်ကြားမည်ဖြစ်ပြီး သစ်တောပညာရပ် ဆိုင်ရာ သုတေသနစာတမ်းများကို Session 1 တွင်လည်းကောင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သစ်အသုံးချခြင်းဆိုင်ရာ သုတေသနစာတမ်းများကို Session 2 တွင်လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သတ္တုကဏ္ဍဆိုင်ရာ သုတေနစာတမ်းများကို Session 3 တွင်လည်းကောင်း တစ်ပြိုင်နက် ဖတ်ကြားကြမှာဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် Zoom Application ID နှင့် Pass Code များရယူပြီး တက်ရောက်နိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


