သြကာသလောကကြီးတွင် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးနှင့် လူသားတို့ အပေါ် အလွှမ်းမိုးနိုင်ဆုံးသောအရာသည် ထက်ကောင်းကင် အာကာပြင် ကြီးပင် ဖြစ်သည်။ ကောင်းကင်ပြင်မှ နေ၊ လ၊ နက္ခတ်တာရာများ၊ မိုးသား တိမ်လိပ်များ၊ လျှပ်ပန်းလျှပ်နွယ်များနှင့် သဘာဝတရားကြီး၏ အံ့သြဖွယ် စွမ်းအားများက ကမ္ဘာဦးသမိုင်းအစကပင် လူသားတို့၏ စိတ်နှလုံးကို သိမ်းကျုံးဖမ်းစားနိုင်ခဲ့သည်။ လှူယဉ်ကျေးမှုတို့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားကာ လူသားတို့က သဘာဝတရားကို ခြယ်လှယ်နိုင်စွမ်းရှိလာသည် နှင့်အမျှ လူသားတို့၏ ပယောဂကြောင့် အဆုံးအစမထင်သည့် အာကာပြင် ကျယ်ကြီးသည်ပင် ထိခိုက်ပျက်စီးသည့်ဘဝသို့ ကျရောက်ခဲ့ရသည်။၏

လူသားတို့နေထိုင်ရာ ကမ္ဘာမြေပြင်၏ အထက် လေထုသည် သာမန် မျက်စိဖြင့် မမြင်နိုင်သော်လည်း အလွှာငါးလွှာဖြင့် ဖုံးအုပ်ကာ မြေကမ္ဘာကို ကာကွယ်ထားသည်။ မြေပြင်အထက် ခြောက်ကီလိုမီတာမှ ၂၀ ကီလို မီတာအထိ ထရိုပိုစပီးယားအလွှာ၊ ယင်းမှ အထက် ၅၀ ကီလိုမီတာအထိ စထရာတိုစပီးယားအလွှာ၊ ယင်းမှ အထက် ၈၅ ကီလိုမီတာအထိ မက်စပ် စပီးယားအလွှာ၊ ယင်းမှအထက် ၆၉၀ ကီလိုမီတာအထိသည် သာမို စပီးယားအလွှာနှင့် ၎င်း၏အထက်တွင် ကီလိုမီတာ ၁၀ဝ၀ဝ ခန့်အထိ အိတ်ဇိုစပီးယားအလွှာတို့ ဖုံးလွှမ်းနေသည်။ ကမ္ဘာ့လေထုထဲတွင် အဓိက ရှိနေသည့် ဓာတ်ငွေ့ နှစ်မျိုးမှာ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းနှင့် အောက်ဆီ ဂျင် ၂၁ ရာခိုင်နှုန်းဖြစ်ပြီး အခြားဓာတ်ငွေ့များမှာ တစ်ရာခိုင်နှုန်းသာရှိသည်။

လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရာတိုစပီးယားအလွှာတွင် သဘာဝအလျောက်ဖြစ်နေသည့် အိုဇုန်းလွှာရှိနေပြီး နေမှလာသည့် ခရမ်း လွန်ရောင်ခြည်သုံးမျိုးအနက် လူနှင့် သက်ရှိတို့ကို အန္တရာယ်ပေးနိုင်သည့် ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးနေသည်။ အကယ်၍သာ အိုဇုန်း လွှာမရှိပါက၊ ပျက်စီးသွားမည်ဆိုပါက လူနှင့်သက်ရှိသတ္တဝါများ၊ စိုက်ပျိုး သီးနှံနှင့် သစ်တောသစ်ပင်များ စသည်တို့မှာ နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ဘေးအန္တရာယ်ကို ကြီးမားစွာရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤမျှအရေးပါလှသည့် အိုဇုန်းလွှာသည် လူတို့၏ ပယောဂကြောင့် ပျက်စီးခဲ့ရာ တောင်ဝင်ရိုးစွန်းဒေသ၌ ဧရိယာစတုရန်းမိုင်ပေါင်း ၁၁ သန်း ခန့်အထိ ပေါက်ပြဲနေကြောင်း ယင်းဒေသတွင်းရှိ သုတေသနစခန်းတစ်ခုက ၁၉၈၅ ခုနှစ်တွင် တွေ့ရှိခဲ့သည်။

ကမ္ဘာမြေပြင်အတွက် အရေးပါလှသည့် အိုဇုန်းလွှာ ပေါက်ပြဲပျက်စီး ရခြင်းသည် လူတို့၏ ပယောဂကြောင့် ဖြစ်သည်။ အိုဇုန်းလွှာကို ပျက်စီး စေသည့် ဓာတ်ငွေ့များမှာ (CFC) ခေါ် ကလိုရိုဖလူရို ကာဗွန်၊ ကာဗွန် တက်ထြာကလိုရိုဒ်၊ မီသိုင်းကလိုရိုဖောင်း၊ ဟိုက်ဒြိုကလိုရိုဖလူရိုကာဗွန်တို့ဖြစ်ပြီး CFC ကို လေအေးပေးစက်၊ ရေခဲသေတ္တာ၊ စပရေးဘူးများ စသည်တို့တွင် သုံးစွဲခဲ့ကြသည်။ ထို့ပြင် စိုက်ပျိုးရေးပိုးသတ်ဆေးတွင် ပါဝင်သည့် ဘရိုမင်းမှာလည်း အိုဇုန်းလွှာကို ပျက်စီးစေနိုင်သည်။ ယင်း ဓာတုပစ္စည်းများသုံးစွဲမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုဇုန်းလွှာပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ၁၉၈၅ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ၌ ကွန်ဗင်းရှင်းတစ်ရပ်ကို ကျင်းပကာ “အိုဇုန်းလွှာ ပျက်စီးစေ သော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲသဘောတူ စာချုပ်” ကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကမ္ဘာ့နိုင်ငံများ ပါဝင်ချုပ်ဆိုနိုင်ခဲ့ကြသည်။

အိုဇုန်းလွှာ ကာကွယ်ရေး၊ ထိန်းသိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုများကို တစ်က္ဘာလုံးက လိုက်နာဆောင်ရွက်ခဲ့ကြရာ အကျိုးရလဒ်ကောင်း မှာလည်း လက်တွေ့ကျကျ ထွက်ပေါ်လာခဲ့သည်။ တောင်ဝင်ရိုးစွန်းပေါ်မှ အိုဇုန်းလွှာအပေါက်၏ အခြေအနေကို ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း စောင့်ကြည့်လေ့လာမှုများအရ ဆယ်စုနှစ်တစ်ခုလျှင် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာနေသည်ကို တွေ့ ရှိခဲ့ကြရသည်။ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးအတွက် တစ်က္ဘာလုံးအတိုင်း အတာဖြင့် ညီညီညာညာ ဆောင်ရွက်မှုများမှ ရလဒ်ကောင်းထွက်ပေါ်လာ ခြင်းက အနာဂတ်တွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆောင်ရွက် ချက်များအတွက် ခွန်အားသစ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

အိုဇုန်းလွှာမပျက်စီးအောင် ထိန်းသိမ်းကာကွယ်မှုများကို ကမ္ဘာနှင့် အဝန်း ပူးပေါင်းဆောင်ရွက်နေကြရခြင်းမှာ လူသားများ၏ ကျန်းမာရေး အတွက်သာမက ဒဏ်ရာဒဏ်ချက်များစွာဖြင့် လူမမာကြီးသဖွယ် ဖြစ်လာ နေသည့် ကမ္ဘာကြီး၏ ကျန်းမာရေးအတွက်လည်း ဖြစ်ပါကြောင်း။ မြန်မာ့အလင်း