နေပြည်တော်၊ မတ် ၂၉

 

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ် ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအနက်မှ ဝူရှုး၊ ပြေးခုန်ပစ်၊ ဘော်လီ ဘော၊လက်ဝှေ့ အားကစားနည်း(၄)နည်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၃)လကြာ ပူးတွဲလေ့ကျင့်မှု များပြု လုပ်ရန် စေလွှတ်ခဲ့ပါကြောင်း။

 

လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် နည်းပြများကို အားကစားစွမ်းဆောင်ရည်အဆင့်အလိုက် ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အမှန်တကယ် ဆုတံဆိပ်ရရှိနိုင်မည့် အားကစားသမားများကို ရွေးချယ် စေလွှတ်နိုင်ရေး လွန်စွာ အရေးကြီးပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ရရှိခဲ့သော ဆုတံဆိပ် များထက် သာလွန်သည့် အောင်မြင်မှုများ ပိုမိုရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် အောင်မြင်မှုရရှိရေးအတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက် ရောက်လာကြသည့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများကပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက် ရွေးစင်အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်ဆောင်ရွက်နေမှု၊ အားကစားနည်း အလိုက် ပြိုင်ပွဲ အမျိုးအစားများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားရွေးချယ်ထားရှိမှု၊ လေ့ကျင့်ရေး သုံးနှင့် ပြိုင်ပွဲသုံးအားကစားအထောက်အကူပြုပစ္စည်းအခြေအနေ၊ ဆုတံဆိပ် မျှော်မှန်းထားရှိမှု အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မကြာမီ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ယခင်နှစ်ကထက် အောင်မြင်မှု ဆုတံဆိပ်များ ပိုမိုရရှိနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်မှုရရှိရန် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရာတွင် အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုရှိရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာအား ကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအနေဖြင့် မိမိတို့ အားကစားသမား များကို နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် နိုင်ငံနှင့်လူမျိုးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ခိုင်မာသောစိတ်ဓါတ်တို့ဖြင့် ပြိုင်ပွဲတွင် ရေကုန်ရေခမ်း ကြိုးစားသွားကြရန် ပြောကြားသည်။

(သတင်းစဉ်)